အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Sunday, June 7, 2009

"ပြိုင်ဘက်" ဆိုတိုင်း "ရန်ဘက်" မဟုတ်ပါ။

မို့လယ်ကောင်မှာ နေတာဖြစ်လေတော့ ဂျာနယ်မဂ္ဂဇင်းတိုက်ပေါင်းစုံက လူငယ်တွေ နေ့စဉ်လိုလို 'ထွက် ခလုတ်ဝင်ခလုတ်' ၀င်ထွက်သွားလာ လေ့ရှိပါတယ်။ တချို့က နေထိုင်ကောင်းမကောင်း လာကြည့်တာ။ တချို့ကတော့ ပြောဆိုဆွေးနွေး ချင်လို့လာကြတာ တချို့က စာမူယူရင်း ရင်ဖွင့်ချင်လို့ တိုင်ပင်ချင်လို့ လာကြတာ။ ဘယ်အကြောင်းနဲ့ပဲ လာလာ သူတို့တစ်တွေရဲ့ လာခြင်းဟာ အိမ်ထဲကအိမ်ပြင် မထွက်နိုင်သူအဖို့ မျက်စိပွင့်နားပွင့် ဖြစ်စေတာကြောင့် ကောင်းသောလာခြင်းသာ ဖြစ်ပါတယ်။ အဲဒီလိုလာကြတဲ့ အထဲက လူငယ်တစ်ယောက်နဲ့ စကားပြောရင်း သူက မန်ချက်စတာယူနိုက်တက် မန်နေဂျာက အခု အင်တာမီလန် မန်နေဂျာ ဖြစ်နေတဲ့ မော်ရင်ဟိုကို အင်္ဂလန်မှာပြန်ပြီး မြင်တွေ့ချင်ကြောင်း ပြောလိုက်တာနဲ့ ပတ်သက်ပြီး အံ့သြရတဲ့အကြောင်း ပြောပါတယ်။ သူတို့လိုပဲ ဘောလုံးပွဲမှန်မှန် ကြည့်လေ့ရှိကြောင်း သိနေတာကြောင့် ခုလို ပြောတာပါ။ ''သူတို့နှစ်ယောက်က တကယ့်ရန်ဘက်ကြီးတွေ မဟုတ်လား ဆရာ'' လို့လည်း ပြောလိုက်ပါသေး တယ်။

''ရန်ဘက်လို့ မပြောပါနဲ့ကွယ်။ ပြိုင်ဘက်ပါ'' ပြိုင်ဘက်ဖြစ်တိုင်း ရန်ဘက် မဟုတ်ကြောင်း ဖာဂူဆန်ဟာ ပရော်ဖက်ရှင်နယ်ပီသသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အကြီးဆုံးပြိုင်ဘက် ဖြစ်သူတစ်ဦးကို ချီးကျူးစရာရှိက ချီးကျူးတတ်တဲ့အကြောင်း မော်ရင်ဟိုလို မန့တစ်နေ့ကမှ ပေါ်လာတဲ့ ပြိုင်ဘက်မျိုးသာမက ဆယ့်လေးငါးနှစ်လောက် အကြီးဆုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာစင်ဝင်းဂါးလို ပုဂ္ဂိုလ်မျိုးကိုတောင် မကြာခဏ ချီးကျူးစကား ပြောတတ်တဲ့အကြောင်း အာစင်ဝင်းဂါးကလည်း ဖာဂူဆန်ကို တလေးတစား ဆက်ဆံလေ့ရှိကြောင်း၊ ဒီစိတ် ဓာတ်မျိုးကို ပရော်ဖက်ရှင်နယ်စိတ် ဓာတ်လို့ခေါ်ကြောင်း လေးစားအတု ယူထိုက်ကြောင်း ရှင်းလင်းပြောကြား လိုက်ပါတယ်။ တကယ့် ပရော်ဖက်ရှင်နယ်ပီသတဲ့ ဖာဂူဆန်လို အာစင်ဝင်းဂါး လို ပုဂ္ဂိုလ်မျိုးမှန်ရင် အသင်းတစ်သင်း တိုးတက်ဖို့အတွက် ပြိုင်ဘက် ကောင်း မရှိမဖြစ်လိုအပ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်ကြပါတယ်။ ပြိုင်ဘက်ကောင်းရှိမှ မခံချင်စိတ်နဲ့ ကြိုးစားချင်တတ်တာ လူ့သဘာဝဖြစ်တယ်။ ပြိုင်ဘက်ကောင်း မရှိရင် ပေါ့ပေါ့လျော့လျော့ လုပ်ချင်ကိုင်ချင် တတ်တာကြောင့် ကိုယ့်အရည်အသွေး ကျဆင်းသွားတတ်တယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ် ပီသသူတိုင်း ပြိုင်ဘက်ကောင်းကို လေးစားကြတယ်။ တန်ဖိုးလည်း ထားကြတယ်။ အင်္ဂလန်ဘောလုံး အသင်းဆိုပါတော့။ အသင်းမှာပါတဲ့ တယ်ရီ၊ လမ်းပတ်၊ ဂျိုကိုးလ်၊ အက်ရှ်လေကိုးလ်တို့ တစ်တွေလို ချယ်လ်ဆီးကစားသမားတွေနဲ့ မန်ယူက ဂယ်ရီနဗီးလ်၊ ပေါစခိုးလ်၊ ရွန်နီ၊ ဖာဒီနန်တို့လို ကစားသမား တွေဟာ အသင်းချင်းပြိုင်ကြတဲ့ အခါတွေမှာ မကြာခဏစကားများ ငြင်းခုံတတ်ကြတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းမှာ ကစားကြတဲ့အခါ ကျတော့ တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေးနဲ့ အပေးအယူမျှမျှတတ ကစားကြပါတယ်။ အင်မတန်အတုယူဖို့ ကောင်းပါတယ်။
ပြိုင်ဘက်ဆိုတိုင်း ရန်သူလိုသဘော မထားအပ်ဘူးဆိုတာ ဘောလုံး သမားတွေသိကြသလို လူတိုင်းသိကြ ဖို့လိုပါတယ်။ ပြိုင်ဘက်ဆိုတာ မိမိ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ကြောင်း ကောင်းကောင်း ကြီး သဘောပေါက်ဖို့ လိုပါတယ်။ ဘောလုံးမှ မဟုတ်ပါဘူး။ လူ့လောကမှာ ဘယ်နေရာမဆို ယှဉ်ပြိုင် မှုဆိုတာ ရှိကြတာပဲ။ ယှဉ်ပြိုင်မှုကြောင့်လည်း တိုးတက်လာကြတာပါ။ ဆိုဗီယက်ရုရှားက ''စပွတ်ညစ်'' ဂြိုဟ်တု လွှတ်တင်လိုက်တဲ့အခါကျမှ အဏုမြူလက်နက်တွေလုပ်ဖို့ လောက်သာ အာရုံစိုက်နေတဲ့ အမေရိကန်နိုင်ငံဟာ ကမန်းကတန်းနဲ့ လမ်းကြောင်းပြောင်းပြီး ဒုံးပျံနဲ့ဂြိုဟ်တုနည်းပညာဘက် အာရုံစိုက်ခဲ့ရ တယ်မဟုတ်လား။ ဒီလိုနဲ့ပဲ လကို ပထမဆုံးလူရောက်အောင် လွှတ်နိုင်တဲ့ အထိ တိုးတက်သွားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဆိုဗီယက်နဲ့အမေရိကန် ခေါင်းဆောင်ဖြစ်သူတွေရဲ့ အမြင်ကျဉ်းမြောင်းမှုနဲ့ အယူအဆမှားယွင်းမှု တွေကြောင့် တစ်ဦးနဲ့တစ်ဦး ရန်သူလို ရှုမြင်ခဲ့ကြတယ်။ အကျိုးဆက်ကတော့ စစ်အေးတိုက်ပွဲ ဆိုတာကြီး ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ သွေးချောင်းစီးတဲ့စစ်ပွဲကြီး၊ စစ်ပွဲငယ်တွေ အဆက်မပြတ်ဖြစ်ပွား ခဲ့ရတာ ပဲဖြစ်တယ်။ ပြိုင်ဘက်ကို ရန်ဘက်အဖြစ် သဘောမထားဘဲ ငြိမ်းချမ်းစွာ လူယဉ်ကျေးပီပီ ယှဉ်ပြိုင်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ၊ ဘယ်လောက်တိုးတက်လိုက်မလဲ။ စစ်အေးတိုက်ပွဲ ကာလကြီးကိုသာ မဖြတ်သန်းခဲ့ရဖူးဆိုရင် ခုလောက်ဆို လပေါ်မှာလူသားတွေ အမြဲတမ်းအခြေချ နေထိုင်တာ မျိုးတောင် မြင်ရကောင်းမြင်ရမှာ ဖြစ်ပါတယ်။


ပြိုင်ဘက်ကို တန်ဖိုးထားလေး စားတတ်တဲ့စိတ်မျိုးကို ''လူ
ယဉ် ကျေးစိတ်ဓာတ်'' လို့ခေါ်ပါတယ်။ သမ္မတ အိုဘားမားက သူ့ရဲ့အကြီးဆုံး ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဟီလာရီကလင်တန်ကို အရေးပါတဲ့ နိုင်ငံခြားရေး ၀န်ကြီးရာထူးမှာ ခန့်အပ်တာ၊ ဟီလာရီကလည်း သူနဲ့စာရင် အညတရတစ်ဦးသာဖြစ်တဲ့ သူ့ထက်များစွာ ငယ်ရွယ်ပြီး လူမည်းတစ်ဦးဖြစ်တဲ့ သူ့ရဲ့အောက်မှာ တာဝန်ထမ်းဆောင်ဖို့ သဘောတူလက်ခံခဲ့တာဟာ အဲဒီ ''လူယဉ်ကျေးစိတ်ဓာတ်'' မျိုးရှိကြောင်း ပြလိုက်တာဖြစ်တယ်။ အိုဘားမားက ဒါတင်မကသေးပါဘူး။ ရီပတ် ဘလစ်ကန်သမ္မတ ဂျော့ဘုရှ်ခန့်အပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ဆက်ပြီး ကာကွယ်ရေးဝန်ကြီး အဖြစ်ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ ဒီလို သဘောထားကြီးမှုဟာလည်း လူယဉ်ကျေးစိတ်ဓာတ် ပဲဖြစ်တယ်။ အတုယူ သင့်တာကို အတုယူရပါမယ်။ ဒီလိုဆိုတဲ့အတွက် ပြိုင်ဘက်တိုင်းဟာ မိတ်ဖက်ဖြစ်တယ်။ ရန်ဘက်ဆိုတာမရှိဘူး။ နေရာတိုင်းမှာ လူယဉ်ကျေးစိတ် မွေးမြူကိုင်စွဲရမယ် လို့ဆိုလိုတာ မဟုတ်ပါဘူး။

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေတော့ လူယဉ်ကျေးတွေရှိသလို လူရိုင်းတွေလဲ ရှိပါတယ်။ ယဉ်ကျေးမှုစံနှုန်း တွေ အဘက်ဘက်မှာ ယိုယွင်းပျက်စီးလာနေတဲ့ ဆုတ်ကပ်ကြီးမှာ လူ့ ယဉ်ကျေးမှုနဲ့ လူ့တန်ဖိုးတွေအားလုံးကို နင်းခြေဖျက်ဆီးတဲ့ လူရိုင်းတွေက ပိုပြီးတောင် များနေသေးတယ်လို့ ဆိုချင်ပါတယ်။ သဘောထားကြီးမှုနဲ့ မထိုက်တန်သူ ဘယ်လိုလူတွေကို လူရိုင်းလို့ ခေါ်တာလဲလို့ မေးစရာရှိပါတယ်။ လူကိုလူလို သဘောမထားဘဲ တိရစ္ဆာန်တွေလို ရှုမြင်ပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်တဲ့ ဟစ်တလာလို၊ အိုက်ခမန်းလို၊ ဆက်ဒမ်ဟူစိန်လို၊ ဂျော့ဘုရှ်လို လူစားမျိုးတွေကို လူရိုင်းတွေ၊ဖက်ဆစ်တွေလို့ သဘောထား သတ်မှတ်တယ်လို့ ဖြေပါရစေ။ ဒီလို လူစားမျိုးတွေကိုတော့ လူယဉ်ကျေးတွေလို ဆက်ဆံလို့ မရ ပါဘူး။ လူယဉ်ကျေးတို့ရဲ့ ဘာသာစကားကို သူတို့ နားမလည်ပါဘူး။ သူတို့နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားက Language Of the Gun ပဲဖြစ်တယ်။ ကမ္ဘာတစ်ခုလုံးက ၀ိုင်းရှုတ်ချကန့်ကွက် နေတဲ့ကြားက ကောင်းဘွိုင် သမ္မတဂျော့ဘုရှ်ဟာ ဂွမ်တာနာမိုအကျဉ်းစခန်းကြီး တည်ဆောက်ပြီး ဖမ်းချင်တဲ့လူတွေကို စစ်ဆေးမေးမြန်းခြင်းမရှိ ဖမ်းချင်တိုင်းဖမ်းပြီး ကြိုက်သလိုညှဉ်းပန်း နှိပ်စက်လုပ်ခဲ့တာပဲ။ ဘယ်တရားရုံးရဲ့ ခွင့်ပြုချက်မှလည်းမယူဘဲ နှစ်ပေါင်းများစွာ အကျဉ်းချထားခဲ့တာပဲ။ ဟစ်တလာလိုလူမျိုး၊ ဆက်ဒမ်ဟူစိန်လိုလူမျိုး၊ ဂျော့ဘုရှ်လိုလူမျိုး တွေကတော့ လူ့ယဉ်ကျေးမှု စံနှုန်းမှန်သမျှနဲ့ လူတန်ဖိုးမှန်သမျှကို နင်းခြေ ဖျက်ဆီးပစ်တဲ့ လူရိုင်းတွေပဲဖြစ်တယ်။ ဒီလူစားတွေကိုတော့ လူသားအားလုံးရဲ့ ရန်သူတွေလို့ မသတ်မှတ်လို့ ကို မဖြစ်ပါဘူး။ သူတို့ဟာ လူယဉ်ကျေးတို့ရဲ့ သဘောထားကြီးမှုနဲ့ လုံးဝကို မထိုက်တန်သူများ ဖြစ်ကြတယ်။

မေတ္တာထားတာ၊ သဘောထားကြီးတာ၊ အင်မတန်မွန်မြတ်ပါတယ်။ သူတော်ကောင်းစိတ်ဖြစ်ပါတယ်။ ဒါပေမယ့် သူတော်ကောင်းတရားကို မသိတဲ့ လူယဉ်ကျေးစကားကို နားမလည်တဲ့လူတွေ အများကြီးရှိပါတယ်။ သန်းပေါင်းများစွာသော ဂျူးလူမျိုးတွေရဲ့ အသနားခံသံတွေကို ဟစ်တလာနားလည်ခဲ့လို့လား။ အီရတ်နဲ့ အာဖဂန်နစ္စတန်က သားသယ်အမေတွေရဲ့ ငိုကြွေးသံတွေကို သမတ္တဂျော့ဘုရှ် နဲ့ ဒု-သမတ္တဟောင်းချေနီ နားလည်ခဲ့လို့လား။ အဲဒီလို လူမျိုးတွေကို လူယဉ်ကျေးစကား သွားပြောလို့ ဘယ်ရမှာလဲ။ လူရိုင်းလူမိုက်တွေပဲဥစ္စာ။ သူတို့နားလည်တဲ့ တစ်ခုတည်းသော ဘာသာစကားနဲ့ ပြောမှပဲရမှာ သေချာတယ်။ လူရိုင်းလူမိုက် မဟုတ်ဘူးဆိုရင်တော့ ပြိုင်ဘက်ကိုလည်း လေးစားတန်ဖိုး ထားရပါမယ်။ ပြိုင်ဘက်ကောင်းရှိမှ တိုးတက်ပါတယ်။ 'ပြိုင်ဘက်'ဆိုတိုင်း 'ရန်ဘက်'လို့မမြင်ဘဲ 'မိတ်ဖက်'လို့ မြင်တတ်ဖို့လိုပါတယ်။ အဲဒီလို မြင်တတ်တဲ့စိတ်ဟာ လူယဉ်ကျေးစိတ်၊ လူကြီးလူကောင်းစိတ် ဖြစ်တယ်။ မိမိအတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ တိုးတက်ဖို့ အတွက် ပြိုင်ဘက်ကောင်းကို မရှိမဖြစ်လိုအပ် တယ်လို့ ပြောလိုက်ချင်ပါတယ်။


***အွန်လိုင်း မဂ္ဂဇင်း တစောင်မှာ ဖတ်ဖူးတဲ့
ဆရာ လူထုစိန်ဝင်း ၏ အတွေးကို ပြန်လည်မျှဝေ တာပါ။***

9 comments:

Anonymous said...

အမှောင်ထဲကသူကို ကြောက်လို့ လက်ရာရော, ခြေရာရောချန်ထားခဲ့ပါတယ်... ကျမလေးစားရတဲ့သူတွေထဲမှာ လူထုဦးစိန်ဝင်းကြီးလဲ တယောက်အပါအ၀င်ပါ... တန်ဖိုးရှိတဲ့ စာတပုဒ်အတွက် ကျေးဇူးပါ..........( ma mie nge )

မွန် said...

ကိုအညတရရေ အားကစားသမားတွေမှာ မျှတစွာတွေးခေါ်တတ်တဲ့ စိတ်ဓာတ်ရှိတာမို့ အဲဒါကို အားကစားစတ်ဓာတ်လို့ ခေါ်ခဲ့သလားပဲ
စစ်ဘီလူးတွေကတော့ ဒါမျိုးကိုမသိကြလို့ စစ်မှာမတရားတာမရှိဘူးရယ်လို့ တွင်ခဲ့တယ်ထင်တယ်

WWKM said...

'ပြိုင်ဘက်'ဆိုတိုင်း 'ရန်ဘက်'လို့မမြင်ဘဲ 'မိတ်ဖက်'လို့ မြင်တတ်ဖို့လိုပါတယ်။ အဲဒီလို မြင်တတ်တဲ့စိတ်ဟာ လူယဉ်ကျေးစိတ်၊ လူကြီးလူကောင်းစိတ် ဖြစ်တယ်။ မိမိအတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ တိုးတက်ဖို့ အတွက် ပြိုင်ဘက်ကောင်းကို မရှိမဖြစ်လိုအပ် တယ်လို့ ပြောလိုက်ချင်ပါတယ်။

တန်ဖိုးရှိလှတဲ့ အတွေးအခေါ်လေးတွေ လာဖတ်သွားပါ
တယ်...
ကျေးဇူးတင်ပါတယ်.

လူလ said...

မင်္ဂလာပါ ကိုဟ

တန်ဖိုးရှိတဲ့စာကို ဖတ်သွား၏။

ဝန်ခံရရင် ကျွန်နော်မှာတောင် ဒီစိတ်မျိုး မကင်းစင်သေးဘူး။း)


ရွှင်လန်းချမ်းမြေ့ပါစေ...

ရွှန်းမီ said...

ကျေးဇူး..
ပုံလေးတွေ နေရာတကျ ထည့်ထားတာ မိုက်တယ်..

ငှက်ကလေး said...

ဦးဟတ်ကြီးရေ မျှဝေပေးတာ ကျေးဇူးပါပဲနော်
အော် ဒါနဲ့ လင့်ခ်သွားကြောင်းလေး အော်ခဲ့ပါတယ်နော် တာ့တာ ဘိုင်

မသက်ဇင် said...

လူရိုင်းလူမိုက် မဟုတ်ဘူးဆိုရင်တော့ ပြိုင်ဘက်ကိုလည်း လေးစားတန်ဖိုး ထားရပါမယ်။ ပြိုင်ဘက်ကောင်းရှိမှ တိုးတက်ပါတယ်။ 'ပြိုင်ဘက်'ဆိုတိုင်း 'ရန်ဘက်'လို့မမြင်ဘဲ 'မိတ်ဖက်'လို့ မြင်တတ်ဖို့လိုပါတယ်။ အဲဒီလို မြင်တတ်တဲ့စိတ်ဟာ လူယဉ်ကျေးစိတ်၊ လူကြီးလူကောင်းစိတ် ဖြစ်တယ်။ မိမိအတွက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ တိုးတက်ဖို့ အတွက် ပြိုင်ဘက်ကောင်းကို မရှိမဖြစ်လိုအပ် တယ်လို့ ပြောလိုက်ချင်ပါတယ်။

ကိုဟတ်ရေ
ပြောင်မြောက်လိုက်တဲ့ စကားလုံးတွေပါပဲ
ခင်မင်လျက်

Heartmuseum said...

မမီးငယ်ရေ...... မကြောက်နဲ့ ကျည်ဆန်ပါဘူး။ ဟီးးးးးးးး
မမွန်ရေ...... ဟုတ်တယ် သူတို့ကြောက်တာ ဗုံးတွေ၊ ကျည်ဆန်တွေပဲ..... နိုင်ရင်ဆော်မယ်။ ရှုံးရင် ပြေးမယ်... ဒါပဲ သူတို့ သိတယ်ဗျ။
မမဝါရေ..... လာဖတ်တာ ကျေးဇူးနော်.....
ကိုလူလကြီး ကျွန်တော်လဲ..... ဟီးးးးးးး အတ္တ၊ပရ မျှအောင် ကြိုးစားဆဲပါ။
ရွှန်းရေ....... ပန်းချီ၊သရုပ်ဖော် မဆွဲတတ်တော့ google image ကျေးဇူးပေါ့ဟာ.... သိတယ်မဟုတ်လား.... အဲဒါကြောင့် ပုံဆွဲတတ်တဲ့သူဆို လွှတ်အထင်ကြီးတာ...
ငှက်ကလေးရေ.... လင့်ထားတာ ကျေးဇူး ညီမလေး....
အကိုလဲ လင့်ထားတယ် ထင်တယ်... ပြန်စစ်ကြည့်အုံးမယ်။
အမသက်ဇင်ရေ.....စကားလုံးတွေက ပြောင်မြောက်ရမယ်လေ..... ဆရာကြီးက ကျွန်တော်မမွေးခင်ကတည်းက စာရေးလာတာ ဆိုတော့ စာရေးသက် နှစ် ၅၀ လောက်ရှိပြီဗျ။ ဘဝအတွေ့အကြုံတွေဆိုတာလဲ ဆရာ့ဆီမှာ များမှများပဲ..... သင်လို့ကို မကုန်နိုင်ဘူး။ မန္တလေးက လူထုဦးလှ၊ဒေါ်အမာ တပည့်ရင်းပဲလေ..... အမသိတယ်ဟုတ်...

Anonymous said...

kom: ကောင်းတယ်လို့ စဉ်းစားနေတာ သူကိုယ်တိုင် ရေးတာထင်လို့
06/09/09 09:01 AM