အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, June 25, 2009

ဝယ်ကြအုံးမလား အိမ်မက်အိမ်(၃)


ကြိုတင်စဉ်းစား ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပြီးတဲ့ နောက်ပိုင်း အိမ်မဝယ်ခင် ပြည့်စုံပြီး ဖြစ်နေရမယ့် မလုပ်မဖြစ် မပေးမဖြစ် အရေးအကြီးဆုံး လုပ်ကိုလုပ်ရမယ့် ကြီးကြီးမားမား ကိစ္စ (၂)ခု ရှိပါတယ်။ အဲဒီ (၂)ခုကတော့ အကြွေး ပြန်လည် ပေးဆပ်မှု မှတ်တမ်း (Credit History) (ကျွန်တော်ကတော့ နာမည်ကောင်း လက်မှတ်လို့ ဆိုချင်ပါတယ်။) နဲ့ ဝင်ငွေခွန် (income Tax Returned) (၂)နှစ်စာ ဆောင်ထားတဲ့ မှတ်တမ်း ရှိကို ရှိရပါ့မယ်။ ကိုယ့်ကို ငွေချေးမယ့် ဘဏ်က ဒီမှတ်တမ်း နှစ်ခု အပေါ်မှာ မူတည်ပြီး ငွေဘယ်လောက် ထုတ်ချေးမယ်၊ အတိုးဘယ်လောက် သတ်မှတ်မယ် ဆိုတာကို ဆုံးဖြတ်မှာမို့ပါ။


နာမည်ကောင်း လက်မှတ် (credit history)ကို အမှတ်ပေးစနစ် (credit score) နဲ့ သတ်မှတ်ပါတယ်။ အမှတ်များများရလေ အိမ်ဝယ်တဲ့အခါ ဘဏ်တိုးနှုန်း သက်သာလေပါပဲ။ credit score စုစုပေါင်းရမှတ် ၈ဝဝ ကျော်နဲ့ ၆၅ဝ ကျော် ယှဉ်ကြည့်ရင် အံ့သြရလောက်အောင် အတိုးနှုန်းကွာတာကို တွေ့ပါလိမ့်မယ်။ credit score ၆၅၀အောက် ဆိုရင်တော့ အိမ်ဝယ်ဖို့ မကြိုးစားပါနဲ့အုံး။ ဇွတ်ကြိုးစားလဲ လက်ရှိ ၂၀၀၉ခုနှစ်မှာမှ အသစ်ပြုပြင်ပြီး လမ်းညွှန်ထားတဲ့ ဘဏ်လုပ်ထုံးလုပ်နည်း တွေအရ ငွေကုန်၊လူပန်း၊ အချိန်တွေသာ ပြုန်းတီးပြီး ဘဏ်ချေးငွေ မရနိုင်လို့ပါ။ ရလဲ အတိုးက မပေးပျော်ပါဘူး။ credit history တည်ဆောက်နည်းသိရင် credit score ကောင်းကောင်း ရအောင်လုပ်တာ မခက်ခဲပေမယ့် ကိုယ့်သမိုင်း ကိုယ်ရေးရတာဆိုတော့ အချိန် အတော်ကုန်ပါတယ်။ ကျွန်တော် မှန်မှန်နဲ့ မြန်မြန် တည်ဆောက်တာတောင် ၃နှစ်လောက်ကြာပါတယ်။ အဲ.... credit history ကောင်းပြီးသား လူတယောက်ယောက်က ကိုယ့်ကို တွဲခေါ်မယ်ဆိုရင်တော့ ကျွန်တော့်ထက် အချိန်ကုန် သက်သာပါလိမ့်မယ်။ ကျွန်တော့်မှာတော့ အဲဒီလို အားကိုးရတဲ့ ဖေးမသူ မရှိပါဘူး။ အခုမှ credit history တည်ဆောက်လိုသူ တွေ အတွက် ရေးရင် ကျမ်းတစောင် ပေတဖွဲ့ ဖြစ်နိုင်တာမို့ ဒီနေရာမှာ အကျယ်တဝင့် ရှင်းပြမနေ တော့ပါဘူး။ ယေဘူယျ အနေနဲ့ပဲ ပြောပါမယ်။


credit history တည်ဆောက်ဖို့ နည်းလမ်း(၉)ခု ရှိပါတယ်။ နမူနာတခု ပြောပြရရင် အကြွေးကဒ် (credit card) လျှောက်ပါ။ အလွန်အကျွံ မသုံးပါနဲ့။ ကိုယ့်ကို သုံးခွင့်ပြုထားတဲ့ ပမာဏရဲ့ (၃၀%) ထက် ပိုမသုံးပါနဲ့။ အကြွေးကို မှန်မှန်ဆပ်ပါ။ နောက်ကျကြေး (late fee) ဘယ်သောအခါမှ မပေးရပါစေနှင့်။ late fees ပေးရင် credit score မြန်မြန် တက်တယ်ဆိုတဲ့ ယုံတမ်းပုံပြင်တွေကို နားမယောင်ပါနဲ့။ late fee တခါလောက် ပေးလိုက်ရတာနဲ့ ကိုယ့် credit history မှာ (7) နှစ်လောက် ဒုက္ခ ပေးနေပါလိမ့်မယ်။ တစုံတဦးအတွက် လိုအပ်တယ်လို့ တောင်းဆိုရင် credit history တည်ဆောက်နည်းကို သီးသန့် ဆွေးနွေးပါ့မယ်။ အခုတော့ အိမ်ဝယ်တဲ့ အကြောင်းက အဓိကမို့ ဒီလောက်ပဲ ပြောပါရစေ။


(၂)နှစ်စာ ဝင်ငွေခွန် ဆောင်ထားတဲ့ အထောက်အထား (Tex returned Paper) ပေါ်မှာ မူတည်ပြီး ဘဏ်က မိမိကို ဘယ်လောက် ငွေဘယ်လောက် ထုတ်ချေးမယ် ဆိုတာကို အကြမ်းမျဉ်း ကြိုတင် မှန်းဆနိုင်တဲ့ တွက်နည်း ရှိပါတယ်။ ဘဏ်တွေ ကိုယ်တိုင်ကလဲ အခု ကျွန်တော် ပြောတဲ့နည်းကိုပဲ ကျင့်သုံး တွက်ချက် ကြပါတယ်။ တွက်နည်းကတော့ အခွန်ဆောင်စဉ်က ပြထားတဲ့ (၂)နှစ်စာ ဝင်ငွေကို ပေါင်းပြီး ၂၄နဲ့ စားရင် ကိုယ့်ရဲ့ တလစာ ပျမ်းမျှဝင်ငွေကို ရပါတယ်။ အိမ်ငှားချစားမယ့် ပုဂ္ဂိုလ်များ လုပ်တတ်ရင် တလပျမ်းမျှ ဝင်ငွေရဲ့ 58% လောက်ထိ ချေးလို့ ရနိုင်ပါတယ်။ ဥပဒေအရ (စာအုပ်ကြီးအရ) ကတော့ 40-42% ထက်ပိုတဲ့ ချေးငွေဆို approve ဖြစ်ဖို့ မလွယ်ပါဘူး။ ချေးငွေ ပမာဏ $400,000 ထိကို သာမန်ချေးငွေ အနေနဲ့သာ သတ်မှတ်ြပီး လုပ်ထုံးလုပ်နည်း အရမ်းမတင်းကြပ်ပါဘူး။ $400,000 ကိုတော့ Jumbo Loan အနေနဲ့ သတ်မှတ်ပြီး စည်းမျဉ်းစည်းကမ်း ပိုမို တင်းကျပ်ထားလို့ အထောက်အထား မခိုင်မာရင်၊ ဝင်ငွေနည်းရင် ရဖို့ မလွယ်ကူပါဘူး။


လက်ငင်းငွေချေမှု (Down payment) ပေါ် မူတည်ပြီးလဲ စည်းကမ်းတင်းကြပ်မှု ကွာခြားပါတယ်။ အိမ်တန်ဖိုးရဲ့ 5% ကို လက်ငင်းငွေချေပြီး ကျန်ငွေ ပမာဏကို ဘဏ်ကနေ ငွေချေးပြီး ဝယ်မယ်ဆိုရင် FHA Loan လျှောက်ရမှာဖြစ်ပြီး အိမ်တန်ဖိုးရဲ့ 20% နှင့်အထက် လက်ငင်းငွေချေပြီး ကျန်ငွေ ပမာဏကို ဘဏ်ကနေ ငွေချေးမယ်ဆိုရင် Conventional Loan လျှောက်ထားရပါလိမ့်မယ်။ အိမ်တန်ဖိုးရဲ့ 35% လက်ငင်းငွေချေပြီး ကျန်ငွေ ပမာဏကို ဘဏ်ကနေ ငွေချေးမယ် ဆိုရင်တော့ အရမ်းကို သက်သာတဲ့ ဘဏ်တိုးနှုန်း( interest rate) နဲ့ ရနိုင်ပါတယ်။ ကွာခြားချက် ကတော့ FHA Loan လျှောက်ရင် Motgage Insurance လျှောက်ထားရမှာ ဖြစ်ပြီး တလတလ အဲဒါအတွက် ကုန်ကျစရိတ် ပိုပေးရပါလိမ့်မယ်။ ဒီနေရာမှာ ပြောစရာရှိ လာတာက VIA Loan ပါ။ VIA Loan က အိမ်ဖိုး လက်ငင်းပေးငွေ တပြားမှ ပေးစရာမလိုပဲ $475,000 တန်ထိ တန်ဖိုးရှိတဲ့ အိမ်ဝယ်ခွင့်ရှိပါတယ်။ ဒါကလဲ အိမ်ဝယ်ချင်ပေမယ့် ငွေမရှိတဲ့ ပထမဆုံး အိမ်ဝယ်တဲ့ လက်ရှိ စစ်မှုထမ်းများနဲ့ အမေရိကန် စစ်မှုထမ်းဟောင်း များကိုသာ ရည်ရွယ်ပြီး ထုတ်ချေးတာမို့ သာမန် အမေရိကန် ပြည်သူတွေ ရဖို့ မဖြစ်နိုင်ပါဘူး။ သူတို့လဲ Motgage Payment အပြင် VIA Fund ပိုပေးရတာပါပဲ။ အမေရိကန် နိုင်ငံသား မဟုတ်ပေမယ့် လက်ထဲမှာ အမြဲတမ်း နေထိုင်ခွင့် လက်မှတ် (Green Card) ရှိရင် နိုင်ငံသားများနည်းတူ အိမ်ဝယ်ယူခွင့်၊ ဘဏ်ကနေ ငွေချေးငှားခွင့် အခွင့်အရေး တန်းတူ ညီမျှရှိပါတယ်။ ဆိုလိုတာက လက်ထဲမှာ အိမ်ပေါက်ဈေးရဲ့ 3.5% လက်ငင်းငွေချေနိုင်ရင်၊ နိုင်ငံသားများနည်းတူ အိမ်ဝယ်နိုင်ပါတယ်။


နိုင်ငံခြားမှာ နေထိုင်ပြီး အမေရိကန်မှာ ငွေကြေးရင်းနှီး မြှုပ်နှံမှုအနေနဲ့ အိမ်ဝယ်မယ်ဆိုရင် အိမ်တန်ဖိုးရဲ့ 35% နှင့်အထက် ငွေချေရပါလိမ့်မယ်။ ကျန်တဲ့ ငွေကိုတော့ ဘဏ်တွေမှာ ဝင်ငွေ အထောက်အထား ပြပြီး ငွေချေးနိုင်ပါတယ်။ တရားဝင် ကိုယ့်ဝင်ငွေ ရပေါက်ရလမ်း ပေါ်မူတည်ပြီး ဘဏ်တိုးကတော့ နည်းများ ကွာပါလိမ့်မယ်။ တစုံတဦး (သို့) တနေရာရာကနေ ငွေရပြီး အိမ်ဝယ်လိုသူတွေ အိမ်မဝယ်ခင် (၃)လအထက် ကိုယ့် ဘဏ်စာရင်း ထဲကို အပြီးအစီး ငွေလွှဲထားဖို့ လိုပါလိမ့်မယ်။ ငွေချေး လျှောက်လွှာတင်တဲ့ လကနေ ရှေ့ (၃)လထိ ဝင်ငွေ၊ ထွက်ငွေကို ငွေချေးမယ့် ဘဏ်က အသေးစိတ် စစ်ဆေးမှာမို့ပါ။ မြန်မာပြည်ကနေ ငွေလွှဲပြီး အိမ်ဝယ်ဖို့ ရည်ရွယ်သူတွေ ဘယ်ပုံဘယ်နည်းနဲ့ ငွေရတယ် ဆိုတာကို တရားဝင် တင်ပြနိုင်ရင် ငွေလွှဲခ ပွဲစားတွေကို ပေးရန်မလိုပဲ ကြားခံ နိုင်ငံ တခုခုကနေ တရားဝင် အမေရိကန်မှာ ရှိတဲ့ ဘဏ်ကို ငွေ U.S $ သိန်းချီပြီး လွှဲနိုင်ပါတယ်။ (မြန်မာပြည်ကို စီးပွားရေး ပိတ်ဆို့ထားလို့ ကတကြောင်း၊ မြန်မာပြည်က ဘဏ်စနစ်က အဆင့်မမှီတာက တကြောင်းမို့လို့ပါ။)
***နောက်ပိုင်းမှာ Housing Market နဲ့ အိမ်ဝယ်စဉ်မှာ ဖြတ်သန်းရမယ့် လုပ်ထုံးလုပ်နည်း အကြောင်း ဆွေးနွေး ပြီးရင် အိမ်မက်အိမ် postကို အဆုံးသတ်ပါ့မယ်။***
*** မိတ်ဆွေတို့ သိရှိထားပြီး ကျွန်တော်မသိတဲ့ ကိစ္စတွေများ ရှိရင်လဲ ထောက်ပြဝေဖန် အကြံပေးကြဖို့ ဖိတ်ခေါ်ပါရစေ။ ကိုယ်လေ့လာ ထားသလောက်လေးသာ ရေးပြတာမို့ အမှားအယွင်းပါရင် ခွင့်လွှတ်ပါ။ တကယ် ဝယ်ဖို့ စိတ်ဝင်စားရင်တော့ သက်ဆိုင်ရာ နယ်ပယ်က တကယ်ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ တိုင်ပင်ပြီး အကြံဥာဏ် ရယူသင့်ကြောင်းပါဗျာ။***
ဝယ်ကြအုံးမလား အိမ်မက်အိမ်(၁)
ဝယ်ကြအုံးမလား အိမ်မက်အိမ်(၂)

9 comments:

မေလေး said...

တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါနော်။ပရင့်လေးထုတ်မယ်နော်။ မေလေးဖေဖော်ဝါရီလ ကျရင်အိမ်ဝယ်တော့မှာ အတော်ဘဲ သေချုာမှတ်သားထားတယ်။
ဖေဖော်ဝါရီ 31 ကျရင်ဝယ်မှာသိလား။

မောင်မောင် said...

ဗဟုသုတ အများကြီး ၇သွားပါတယ်...
မြန်မာပြည်က နေ ငွေလွဲပြီး ဝယ်၇င် ဘယ်လို လွဲ၇လဲ သိချင်ပါတယ်...ငွေလွဲတဲ့ အတွက် အခွန် ဆောင်၇သေးလား

Heartmuseum said...

မေလေးက အိမ်ဝယ်တော့မယ် ဆိုတော့ ဝမ်းသာပါတယ် ဟာ.... အစစ အရာရာ အဆင်ပြေပါစေ....
ကိုမောင်မောင် ခင်ဗျား.... တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင် ကနေတဆင့် လွှဲလို့ ရပါတယ်။ တရားဝင် အထောက်အထား ပြနိုင်ရင် အခွန်ဆောင်ရန် မလိုပါ။ အဲ... ဘဏ်မှာ အပ်ထားတာ ကြာလို့ ဘဏ်တိုး ရရင်တော့ ဝင်ငွေခွန် ဆောင်ရပါလိမ့်မယ်။ အိမ်မဝယ်ခင် ၄-၅ လလောက် ကြိုတင်ပြီး လွှဲထားသင့်ပါတယ်။

Anonymous said...

ကိုဟတ်ေ၇ လာဖတ်ပါတယ်။ဆက်ေ၇းပေးပါအုံး။thanks your post

ငှက်ကလေး said...

ဦးဟတ်ကြီးရေ ဟဟဟ အိမ်အကြောင်းပဲရေးနေတယ် ဘာလဲ ဦးလဲ အိမ်ဝယ်ပြီးးး အိမ်သူနဲ့ အတူနေချင်ပြီလားးး ဗျ ဟားးးဟားးး


တာ့တာ ဘိုင်

Anonymous said...

thanks for sharing ur knowledge. pls also share car market, insurance and maintenance.

Thanks,
Nick

အမရာ said...

အိမ်ကတော့ဝယ်ချင်တာပဲ
ပိုက်ချံတော့ချိဘူး.............

Heartmuseum said...

Annonymous ရေ..... ဟုတ်ကဲ့ ဆက်ရေးပါ့မယ်။
ငှက်မရေ.... သတ်ချင် သတ်လိုက် အထင်ကြီးခံရ နည်းလား မဖြေဘူး။
Hi,Nick! Thank you for your courage but I really don't know about the car market & insurance. It's out of my knowledge. Sorry! Anyway, let me ask somebody to write about these article. I'm not so sure he want to write or not.
အမရာရယ်...... လူရှိန်မလားလို့ ရေးကြည့်တာပါ။ သားသားလဲ ပိုက်ပိုက် ရှိဘူး။ :D

ဒူကဘာ said...

ပြတိုက်ကြီးရေ ... မရောက်တာလဲ ကြာပြီ၊ လာတော့လည်း ဖတ်ချင်တဲ့ .. လည်ပင်း ကြိုးကွင်းစွတ် အဲလေ... အိမ်ဝယ်တဲ့ ကိစ္စ ရေးလို့ ကျေးဂျူးကဘာပါ၊ ဗဟုသုတ များစွာရပါတယ်၊ ဘွဲ့ရတာနဲ့ မိန်းမချောချော ရမဲ့သူ.....?