အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, June 19, 2009

ဝယ်ကြအုံးမလား အိမ်မက်အိမ်(၁)

အမေရိကန်မှာ အိမ်ဝယ်မယ်လို့ စဉ်းစားကြရင် လူတော်တော် များများက ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်း အနေ အထားနဲ့ လူနေမှု ပတ်ဝန်းကျင်ကိုသာ ပြေးမြင်ပြီး စဉ်းစားကြပါတယ်။ တကယ့် တကယ်တော့ ကိုယ့်ဘဝမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တွေထဲမှာ တခုအပါအဝင် ဖြစ်လာနိုင်တဲ့ အိမ်ဝယ်ခြင်းမှာ ထည့်သွင်း တွက်ချက်ရမယ့် အခြားအချက်အလက် ကိစ္စတွေ အမြောက်အများ ရှိနေပါတယ်။

အိမ်ဝယ်မယ်လို့ စိတ်ကူးရင် မဝယ်ခင် ပထမဦးဆုံး စဉ်းစားရမယ့် လုပ်ရမယ့် ကိစ္စကတော့ လက်ရှိ ကိုယ့်မိသားစု ဝင်ငွေနဲ့ ဘဏ္ဍရေး အခြေအနေကို အသေးစိတ် အသေအချာ ပြန်လည် သုံးသပ်သင့်ပါတယ်။ အဲဒီလို သုံးသပ်ပြီးမှ ဘယ်လောက်တန် အိမ်ကိုဝယ်ဖို့ ကိုယ်တတ်နိုင်တယ် ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။ မဟုတ်ရင် အိမ်တွေလိုက်ကြည့်ရင်း ကြည့်ရင်းနဲ့ စိတ်ကူးယဉ်လွန်ပြီး လက်တွေ့ ကိုယ်မတတ်နိုင်တဲ့ ငွေပမာဏ ထက်ကျော်တဲ့ အိမ်တွေကို လိုချင်စိတ်ပေါ်ပြီး ဝယ်မိရင် ကိုယ့်လည်ပင်းကိုကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်တတ်ပါတယ်။ ဒုတိယ စဉ်းစားရမှာကတော့ ဘယ်ရှေ့နေ၊ပွဲစား ငှားမလဲ၊ ကိုယ့်အသိ (သို့) ကိုယ့်ဆွေမျိုး၊ မိတ်ဆွေတွေ စိတ်တိုင်းကျလို့ ပြန်လည်ညွှန်းလိုတဲ့ အိမ်ပွဲစား၊ရှေ့နေ ရှိမရှိ လိုက်လံမေးမြန်း၊ စုံစမ်းတီးခေါက် သင့်ပါတယ်။ နောက်ဆုံးမတော့ ကိုယ့်ရွေးချယ် နေထိုင်လိုတဲ့ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက ကိုယ့်အပေါ် ရိုက်ခတ်လာမယ့် ကိစ္စတွေကို ကြိုတင်စဉ်းစားရပါမယ်။ ဥပမာ ကိုယ်က ကျောင်းနေအရွယ် ကလေးငယ်ရှိတယ်ဆိုရင် ကိုယ်ဝယ်မယ့် အိမ်ရှိတဲ့ ရပ်ကွက်က ကျောင်းက ကောင်းမကောင်း၊ နာမည်ကြီးမကြီး ကြိုတင် စနည်းနာသင့်ပါတယ်။ ဒါမှလဲ ကိုယ့်ကလေး နောင်ရေးကို လမ်းခင်းပြီးသား ဖြစ်မှာပါ။ နောက်ပြီး ရပ်ကွက်ထဲက လူတွေရဲ့အဆင့်အတန်း ဘယ်လောက်ရှိသလဲ၊ ပညာတတ်ပေါများတဲ့ ရပ်ကွက်လား၊ လူဆိုးလူမိုက် ပေါများတဲ့ ရပ်ကွက်လား၊ ချမ်းသာဆင်းရဲမှု အခြေအနေ၊ (၅) နှစ်ကနေ (၁၀)နှစ်အတွင်း ရာဇဝတ်မှု နှုန်းထား စတာတွေကို ကြိုတင် လေ့လာထားရပါမယ်။


တကယ်တော့ အမေရိကန်မှာ အိမ်ဝယ်တယ်ဆိုတာ ဒီကို ပြောင်းရွေှ့အခြေချသူတွေရဲ့ အမေရိကန်အိမ်မက် တွေထဲက အရေးပါတဲ့အိမ်မက်တခု ပဲဖြစ်ပါတယ်။ ဘဝရဲ့အရေးပါတဲ့ အိမ်မက်တခုကို အကောင်အထည် ဖော်နေတာမို့ ကိုယ်ဝယ်တဲ့ အိပ်မက်အိမ်ဟာ အလုပ်ကနေ မောမောပန်းပန်း ပြန်လာမယ့် ကိုယ့်အပေါ် ဘာစိတ်ဖိစီးမှုမှ မပေးပဲ နူးညံ့နွေးထွေးတဲ့ စိတ်အေးချမ်းသာမှုကို စောင်ကြဉ်းပေးနိုင်မယ့် ကိုယ့်ဘဝရဲ့ လောကနိဗ္ဗာန်ဘုံလေးတခု ဖြစ်သင့်ပါတယ်။ အခြားတဖက်မှာတော့ ငွေရေးကြေးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေလေတော့ ကိုယ်ဝယ်မယ့်အိမ်ဟာ နောင်(၁၀)နှစ်၊ (၁၅)နှစ်အကြာမှာ ကိုယ့်ကို ငွေရေးကြေးရေးအရ တစုံတရာ အကျိုးအမြတ်ပေးနိုင်တဲ့ နေရာအကွက်အကွင်းမှာ တည်ရှိသင့်ပါတယ်။ ဆိုလိုတာက အိမ်မဝယ်ခင် ဝယ်ဖို့ မဆုံးဖြတ်ခင်မှာ နောင်(၁၀)နှစ်၊ (၁၅)နှစ်အကြာမှာ ဖြစ်လာမယ့် ဈေးကွက်အနေအထားကို ကြိုတင်မှန်းဆ တွက်ချက်ထားသင့်ပါတယ်။ တနေရာမှာ အိမ်ဝယ်ပြီးပြီဆိုရင် ရွေှ့ဖို့ပြောင်းဖို့ဆိုတာ သိတ်လွယ်ကူတဲ့ကိစ္စမဟုတ်လေတော့ အိမ်မဝယ်ခင် နောက်ထပ် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စကတော့ ကိုယ်ဝယ်ဖို့ စဉ်းစားတဲ့နေရာဟာ ကိုယ်တကယ် အခြေချမယ့်နေရာ ဟုတ်မဟုတ် ဆိုတာပါပဲ။ ဥပမာ Los Angelesမှာ အိမ်ဝယ်ပြီး တနှစ်၊ နှစ်နှစ်နေကာမှ San Fransisco ပြောင်းရမယ်ဆိုတဲ့ ကိစ္စမျိုး ပေါ်လာမယ်ဆိုရင် ငွေရေးကြေးရေးအရ ကြီးမားတဲ့ နစ်နာမှုတွေ ဖြစ်လာနိုင်တာမို့ သေသေချာချာ ကြိုတင်စဉ်းစား ပြင်ဆင်သင့်ပါတယ်။ အခြေချရမယ့်နေရာ မသေချာသေးရင် မဝယ်ပါနဲ့အုံးလို့ အကြံပြုပါရစေ။
အမေရိကန်မှာ အိမ်ဝယ်ရင် ဘယ်သူမှ အိမ်ပေါက်ဈေးငွေ ငွေအကြေချေ လောက်အောင် ကြွယ်ဝချမ်းသာတာ မဟုတ်ကြလေတော့ အိမ်ဖိုးငွေရဲ့ (၅)%၊ (၁၀)%၊ (၂၀)% ၊(၃၅)% စသည်ဖြင့် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏ ကို လက်ငင်းငွေချေပြီး ကျန်တာကို ဘဏ်ကနေတဆင့် (၁၀)နှစ်၊ အနှစ် (၃၀) ငွေချေးပြီး ဝယ်ကြရတာပါ။ အဲဒါကြောင့် အိမ်ဝယ်ပြီးရင် အိမ်ဖိုး၊ ဘဏ်ချေးငွေ၊ ဘဏ်တိုးငွေ၊ အိမ်အတွက် မီးအာမခံ၊ အိမ်ခွန်၊ အမှိုက်ခွန်၊ ပေးဆပ်ရတာအပြင် ကလေးရှိသူဆိုရင် ကလေးစားရိတ်၊ ကျောင်းတတ်နေသူဆို ကျောင်းစားရိတ်၊ မိမိနဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးစားရိတ်၊ အထွေထွေ အသုံးစားရိတ်၊ စားစရိတ် စတဲ့ အသုံးစားရိတ်တွေ ရှိသေးတာမို့ အရေးအကြီးဆုံး အချက်အနေဖြင့် တလတလ အိမ်ဖိုးပေးရမယ့် ငွေဟာ မိမိတလ ဝင်ငွေရဲ့ ၂၈% ထက်မပိုရင် အသင့်တော်ဆုံး ဖြစ်ပြီး အိမ်ဖိုးပေးရမယ့် ငွေဟာ မိမိတလ ဝင်ငွေရဲ့ ၃၅% ကျော်တဲ့ အိမ်ဆိုရင် မဝယ်ယူသင့်ပါခင်ဗျာ။ ဒီနေရာမှာ ချွတ်ယွင်းချက်အနေနဲ့ အိမ်ကို အခန်းကန့်ပြီး မိမိလဲနေ၊ အိမ်ငှားလဲ ထားမယ်ဆိုတဲ့သူတွေ ကတော့ တမျိုးတဘာသာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဝင်ငွေနဲ့ ဆပ်ရမယ့်ချေးငွေ ပမာဏကို အချိုးချ တွက်ချက်ပြီး သေသေချာချာ ပြင်ဆင်ထားရင် အန္တရာယ်နည်း အဆုံးအရှုံးနည်း ပါလိမ့်မယ်။


ကျွန်တော်ဒီလို ဘာကြောင့် အချိုးချပြီး ပြောရသလဲ ဆိုတာကို ရှင်းသွားအောင်လို့ တနှစ်ကို ဝင်ငွေခွန်ဆောင်ပြီး အသားတင် US $ 50,000 ဝင်တဲ့ မိသားစုတစုကို အခြေခံပြီး စဉ်းစားကြည့် ကြရအောင်ပါ။ ဒီမိသားစုက US$ 250,000 အိမ်ကို ဝယ်ဖို့ 20% လက်ငင်းငွေချေမယ်။ ကျန်တာကို ဘဏ်က တနှစ်၅.၃၅% ဘဏ်တိုးနဲ့ နှစ်(၃ဝ) ငွေချေးမယ် ဆိုပါစို့။ တနှစ်ကို အသားတင် US $ 50,000 ဝင်တယ်ဆိုရင် မိသားစု တလအသားတင် ဝင်ငွေဟာ US$ 4166 ဖြစ်ပါလိမ့်မယ်။ ဒီမိသားစု ဝင်ငွေရဲ့ ၂၈%ကို အိမ်ဖိုးအကြွေး ပေးရမယ်ဆိုရင် အိမ်ဖိုးပေးငွေဟာ $4166xဝ.28=$1166 ကျသင့်ပါလိမ့်မယ်။ အိမ်ခွန်(Property Tax)က အိမ်ရဲ့ စုစုပေါင်းတန်ဖိုးကို အခြေခံပြီး တွက်ချက်တာမို့ US$ 250,000အိမ် ဆိုရင် တလ $ 189 လောက်ကျသင့်ပါလိမ့်မယ်။ အမေရိကန်မှာ ပြည်နယ်တခုနဲ့တခု အခွန်ဥပဒေ မတူတာကြောင့် ဒီနေရာမှာ အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ ကျွန်တော်တွက်ထားတဲ့ အိမ်ခွန်က Los Angeles County, California ကို အခြေခံ ထားတာပါ။ ရေဖိုး၊မီးဖိုး၊ အမှိုက်ခွန်၊ ဓာတ်ငွေ့ဖိုးက တလကို ခန့်မှန်းကုန်ကျငွေ $300 ဆိုပါစို့။ ငလျင်၊မီး စတဲ့အာမခံ ကုန်ကျငွေက အိမ်တည်နေရာ၊ အနေအထားပေါ် မူတည်ပြီး $500 ခန့်ထိ ကုန်ကျနိုင်ပါတယ်။ စုစုပေါင်း အိမ်အတွက် အမှန်ကုန်ကျငွေဟာ US $1166+189+300+500=US $2155 ခန့် ကုန်ကျနိုင်ပါတယ်။ $2155 ဟာ မိသားစု တလဝင်ငွေ $4166 ရဲ့ 50% ရှိတာမို့ သတိပြုစရာ ကောင်းပါတယ်။
ဆက်ရန်.........
ဝယ်ကြအုံးမလား အိမ်မက်အိမ်(၂)
ဝယ်ကြအုံးမလား အိမ်မက်အိမ်(၃)
နောက်ပိုင်းတွေမှာ housing market, Income & loan calculation, credit history, ကျွန်တော့်လို အမေရိကန်နိုင်ငံသား မဟုတ်ပဲ အိမ်ဝယ်ယူမှု စတာတွေကို အဆင်ပြေသလို ကျွန်တော်နားလည်သလောက် ရေးပါမယ်။ ကိုယ်လေ့လာ ထားသလောက်လေးသာ ရေးပြတာမို့ အမှားအယွင်းပါရင် ခွင့်လွှတ်ပါ။ တကယ် ဝယ်ဖို့ စိတ်ဝင်စားရင်တော့ သက်ဆိုင်ရာ နယ်ပယ်က တကယ်ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ တိုင်ပင်ပြီး အကြံဥာဏ် ရယူသင့်ကြောင်းပါဗျာ။

9 comments:

မောင် said...

အ၇မ်းကောင်းတယ်...ဆက်၇န် ကို မျှော်နေပါတယ်

khin oo may said...

ဗဟုသုတရပါ၏

ငှက်ကလေး said...

ဦးဟတ်ကြီးရေ ပိုက်ဆံပိုနေရင် ပြောမယ် သိလား အခုတော့ အဟီးးးး လို့ပဲနော် ဟဟဟဟ

တာ့တာ အားရင် အိမ်လာခဲ့ဦးနော် အဟီးးးး

အိုင်လွယ်ပန် said...

ဗဟုသုတ ရစရာတွေပေါ့ ကိုဟရေ .....

မြူးလေး said...

ကျေးဇူးဦးဟတ့်ကြီးရေးးးးးးးးးး
ဆက်ရန်မျှော်နေသည်

ခင်တဲ့
မြူးလေး

Rita said...

ပွဲစားအလုပ်တွေကို အင်မတန် စိတ်ဝင်စားပါတယ်။ လောကမှာ စိတ်အ၀င်စားဆုံးက အဲဒါပဲ။
ဘာဖြစ်လို့ ပွဲစားဖြစ်မလာတာလဲ စဉ်းစားလို့ကို မရဘူး။ ခုမှ ကြိုးစားရင် အချိန်မီပါဦးမလား။
(နောက်တာမဟုတ်ပါ အတည်)

Heartmuseum said...

ကိုမောင်ရေ...... အောင်မလေး လျှာယားတာကွာ.....
ဟုတ်ကဲ့ အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော် ကြိုးစားပြီး ရေးပါအုံးမယ်။
အမ ခင်ဦးမေရေ..... လာအားပေးတာ အရမ်း ဝမ်းသာတယ်ဗျာ။
ငှက်မလေး..... ပိုက်ဆံပိုရင်ပြော.... ငါပိုက်ဆံချေးမလို့ :D
မြူးရေ..... ကြိုးစားပြီး ရေးပါ့မယ်။
မRita ရေ..... အခုစာစုက ကျွန်တော် လေ့လာထားသလောက် ပြန်လည် ဝေငှတာပါ။ ကျွန်တော် အိမ်အရောင်းအဝယ်ကို စိတ်ဝင်စားပေမယ့် ပွဲစား မဟုတ်ဖူးဗျ။ ပွဲစားဖြစ်ချင်ရင်တော့ ဆရာကြီး ဦးသုခဆောင်ပုဒ်လို ပြောရရင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် ပေါ့ဗျာ။

ရွှေပြည်သူ said...

ကိုအညတရကြီးရေ... US မှာ အိမ်ဝယ်ချင်တဲ့ လူတွေအတွက် အသုံးဝင်မယ့် Information တွေပါ။ ကိုယ်တခါမှ မစဉ်းစားမိတဲ့ အချက်အလက်တွေလည်း ဖတ်ရလို့ ဗဟုသုတ တိုးပါတယ်... အိမ်ဝယ်ပြီးရင်တော့ ပြောဦးနော်။ လူစုပြီး လာလည်မယ်း))

Heartmuseum said...

ရွှေပြည်သူရေ..... ဘယ်တွေပျောက်...... တကယ် လာလည်မှာလား.... မလာရင်တော့ သိမယ် ဟင်းးးးးး