အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Saturday, October 25, 2008

ရည်းစားဦး ချစ်ဇာတ်လမ်း(၂)

စောစောက အကြံပေးတဲ့ဆရာသမား သွားကပ်ပြီး ချော့ကာမေးမည် ဘာလုပ်ရရင် ကောင်းမလဲအတည် ဆိုတော့ မင်းသားက ကျောင်းပိတ်ထားတဲ့ နှစ်လအတွင်း သူသိတာမှတ်လို့ နောက်တယောက် မင်းလိုက်တဲ့ဗျ။ အောင်မလေးဗျာ... ပန်းတိမ်မှ မတတ်သေးဖူး ရွှေခိုးသင်နေပါလား ကွယ်ရို့.....။ ဟား..ဟား... တတ်နိုင်ဖူးကွယ် အညတရဆိုတဲ့ အူကြောင်ကြောင်ငနဲ ဒီတခါတော့ ဂျော်နီ(၂)လုံးကြောင့် ဖွန်ကြောင်ဖို့ သွေးမကြောင် ဦးနှောက် ပေါက်မတတ် စဉ်းစား ဘယ်သူ့ကို လိုက်ရမလဲပေါ့ဗျာ။ ဟား.... အကြံရပြီ။ ဟိုတလောက ရန်ကုန်သွားတုန်း သူငယ်ချင်းများ မိတ်ဆက်ပေးတဲ့ ဟိုကွန်ပျူတာတက္ကသိုလ် သွားတက်တဲ့ မန္တလေးက အသားညိုညို အညာသူ အလှလေး သင်္ကြန်ကျောင်းပိတ်လို့ မန္တလေးပြန်လာပြီတဲ့။ သူလေးက အိမ်တွင်းအောင်းလေး၊ အပြင်သွားရင်လဲ အိမ်ကတယောက်ယောက် ပါတာမို့ လှပေမယ့် ဘယ်သူမှ ကြိုးစားဖို့အခွင့်မသာ။ အဲသဟာလေးကို အကြံအဖန်ထုပြီး မန်းလိုက်မည်။ သူက ရန်ကုန်သွား ကျောင်းတက် တာဆိုတော့ မန္တလေးတက္ကသိုလ်က ငပွကြီးအကြောင်း သိမည်မဟုတ်။ ပွားလိုက်အုံးမည်။ "မကြည်တော့လည်း အရင်း၊ ကြည်တော့လည်း ဂျော်နီ(၂)ပုလင်း" ကျောင်းဖွင့်လျှင်သူက ရန်ကုန်ပြန်မှာမို့ "အေးဆေး ကလေးမွေး"ဘာပြဿနာမှမရှိ "တွက်ရေးကတော့ စက်သူဋ္ဌေး" အညတရတယောက် အတွေးနဲ့တင် ဟုတ်နေပြီ။

ဒီလိုနဲ့..... ပေါ့ဗျာ။ ဟဲ....ဟဲ.... အဲဒီ အသားတော် ညိုညက်ကလေးကို ဖုန်းမှန်မှန်ဆက်ပြီး တနေကုန်ကြူ ၊ ညညဆို သူထွက်ငေးတတ်တဲ့ လေသာပြူတင်းဘေး အမျိုးသမီးဆောင် အမှတ်နဲ့ ရွှေနားတော်သွင်း တေးသီချင်းတွေကို ဂစ်တာ(၂)လုံး၊(၃)လုံးနဲ့ ဒေါင်ဒင်ဒေါင်ဒင်လုပ်ပြီး သွားကာကြူ၊ မြန်မာပြည်ဆိုတော့ သိတဲ့အတိုင်း လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန် အားတယ်ဆိုတော့ နေ့နေ့ညည ဇနကထုံး နှလုံးမူပြီး ယောင်္ကျားတို့ဇွဲ ငြင်းခါမှလျှော့ ဆိုပြီး လှုပ်ရှားလိုက်တယ်။ သူ့အဖေက နားညဉ်းလာပြီး ဒီကောင်တွေ သီချင်းလာဆိုရင် ထွက်ပြီး ဗျဉ်းမယ်ဆိုမှ ရပ်လိုက်တယ်... ဟီးးးဟီးးး ဒါလည်း သူက ပြဿနာတက်မှာ စိုးရိမ်ပြီး ကြိုတားလို့ သီသီလေး ကပ်လွတ်သွားတာဗျ။ ဟေးးးး ဟေးးး ကံဇာတာတက်နေတဲ့ ကျွန်တော် သင်္ကြန်အကြိုနေ့ကြီး မှာစုပ်ဝင်ပြီဗျ... ညိုပြာညက်လေးဆီက "ချစ်ပါသတဲ့ရှင်" ဆိုတဲ့အဖြေရလိုက်တယ်။ အောင်မလေးဗျာ.... ပျော်လိုက်တဲ့ဖြစ်ချင်း တခါမှ အဖြေမရဘူးတဲ့ ကျွန်တော် ကြိုးစားရကျိုးနပ်ပြီကွပေါ့။

ဟိုလောင်းကြေးစားကြေး လုပ်ထားတဲ့ ပုဂ္ဂိုလ်များကို ကြွားဖို့နဲ့ သက်သေပြဖို့ မနည်းတောင်းပန်ပြီး သူ့ခွင့်ပြုချက်ကိုယူ "ချစ်တယ်"ဆိုတဲ့စကား ထပ်ပြောခိုင်းပြီး အသံသွင်းထားလိုက်တယ်။ .....ရပြီကွ.... ဂျော်နီလမ်းလျှောက်(၂)လုံး..... အမြည်းကို ရွှေဘဲမှာ ကျွေးခိုင်းမယ်ပေါ့ဗျာ။ အတွေးထဲမှာလဲ ၀ါသနာအရ ဘယ်သူမှာ မပြပဲ၊မပြောပဲ ရေးထားတဲ့ကဗျာတွေ စာတွေကိုပြဖို့ လူတယောက်ရပြီပေါ့။ နောက်ရေးလတ္တံ့သော ကဗျာတွေအတွက်လဲ လွမ်းစရာ ကုန်ကြမ်းရပြီပေါ့လေ။ ပျော်စရာကောင်းလိုက်တဲ့ မန္တလေးသင်္ကြန် မနက်ဆို ဟို PHYSICS QUEEN လေးကို သူရေပက်တဲ့ မဏ္ဍပ်မှာ ရေသွားလောင်း၊ ရေမွှေးဖြန်းလိုက်၊ သင်္ကြန်ကားလည်ရင်း လမ်းမှာတွေ့တဲ့ ရောင်စုံကောင်မလေးတွေကို လိုက်စလိုက်၊ ဂျော်နီလမ်းလျှောက်ကို သူငယ်ချင်းတွေနဲ့ ရွှေဘဲမှာသောက်လိုက်၊ အိမ်ပြန်ရောက်ရင် အင်ကြင်းဆောင်သူ ကွန်ပျူတာပျိုဖြူ ညိုပြာညက်ကလေးကို ဖုန်းဆက်ပြီးကြူနဲ့ အညတရဆိုတဲ့ အူကြောင်ကြောင် ကောင်တယောက် ဇရပ်မင်းစည်းစိမ် ခံစားနေတယ်ဗျို့။

သင်္ကြန်ကို တခြား မန္တလေးသားတွေ ချစ်မချစ်မသိ ဒီအညတရဆိုတဲ့ကောင်ကြီးကတော့ အလွန်ချစ်ဗျ။ အခုဝေးမြေရပ်ခြား ရောက်တော့လဲ ကျွန်တော်အလွမ်းဆုံးက မန္တလေးသင်္ကြန်ဗျ။ ဘာလိုလိုနဲ့ အကြို၊အကျ၊ အကြတ်၊အတက် ဆိုတဲ့သင်္ကြန်လေးရက်ကုန်လို့ မြန်မာနှစ်ဆန်း(၁)ရက်ရောက်ခဲ့ပြီ။ ကျက်သရေ မင်္ဂလာရှိတဲ့ နှစ်သစ်ကို ရည်းစားဦးလေးနဲ့ ဘုရားသွားရေသပ္ပါယ်ရင်း ဖွင့်လိုက်မယ် လာလေရော့ဆိုပြီး သူ့ကိုအပြင်ခေါ်ထုတ်တာ ပြဿနာက သူ့အိမ်ကလူတွေမပါပဲ သူကအပြင်ထွက်လေ့ မရှိဘူးဗျ။ ဟိုလိုကြံ၊ဒီလိုကြံရင်း နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး ငယ်သူငယ်ချင်းအိမ် သွားလည်မယ်ဆိုပြီး သူ့သူငယ်ချင်းကို လာကြိုခိုင်းပြီး BBBဆိုတဲ့ ဥရောပအစားအစာရောင်းတဲ့ စားသောက်ဆိုင်မှာ သူ့အချစ်ဆုံးသူငယ်ချင်းနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးရင်း သူနဲ့ကျွန်တော်နဲ့တွေ့၊ ဘုရားကိုနှစ်ဦးအတူ သွားကြမယ်ပေါ့ဗျာ။ ကျွန်တော်လဲ စီးတော်ယာဉ် မော်တော်ဆိုင်ကယ်လေးကိုထုတ် သူလေးကိုတင်၊ ရှိုးအပြည့်နဲ့မောင်းဖို့ရာအတွက် ရေဆေးအပြတ်သပြီး ချိန်းထားတဲ့ သူစောင့်နေမဲ့နေရာလေးကို မနှေးအမြန် ဆိုင်ကယ်နဲ့ပြေး မြူးကြွတဲ့ သင်္ကြန်တေးနဲ့ အတူပေါ့ဗျာ။

ရောက်ပါပြီဗျာ....သူစောင့်နေမဲ့စားသောက်ဆိုင် တွေ့ပါပြီဗျာ.... ဆိုင်ထောင့်မှာ ထိုင်စောင့်နေတဲ့ ညိုပြာညက် အညတရရဲ့ ရည်းစားဦးသူ၊ အနားမှာလဲ ကောင်မလေးတယောက် သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်ရမယ်။ ကျွန်တော်ဆိုင်တံခါးဖွင့်ပြီး အထဲကို ၀င်လာတော့ သူကလှမ်းမြင်ပြီး ပြုံးအပြ သူ့အနားမှာရှိတဲ့ သူ့သူငယ်ချင်းကလဲ မြင်ဖူးအောင် စပ်စုတဲ့မျက်လုံး အပြုံးနဲ့ ကျောပေးထားရာက လှည့်အကြည့် ...... ဟိုက်ရှားပါး ...... မြတ်စွာဘုရား အညတရတော့ကွိပြီ။ အားလားလား...... သူ့အချစ်ဆုံး သူငယ်ချင်းဆိုတာ PHYSICS QUEENကြီး ပါလားကွယ်ရို့...... သေပြီဆရာ.... သေပြီ... သေပြီ။ ရီပြနေတဲ့ Queenအပြုံး မျက်လုံးက မီးဝင်းဝင်းတောက်နေပါလား။ သူသာ ပုံပြင်ထဲက နဂါးမဆို ကျွန်တော်ပြာကျလောက်ပါရဲ့။ အပျော်တွေစိမ့်ဝင်နေတဲ့ စပ်ဖြီးဖြီး ကျွန်တော့်မျက်နှာ ကြောက်စိတ်တွေလွှမ်း လက်ဖျားခြေဖျားတွေတောင် အေးလာတယ်ဗျို့။ ယားလိုက်တဲ့ပါး သူတို့အနားကို မသွားရဲဘူး။ ဒူးတွေတုန်ပြီး ခြေထောက်ကို ဘယ်လိုရွေှ့ရမှန်းကို မသိတော့ဘူးဗျ။ ရင်ထဲမှာတော့ ကျွန်တော့်ကို အကျွတ်တရားရအောင် ချွတ်ဖို့လာသလား စဉ်းစားမိတယ်။ လှည့်ပြေးရင်လဲ ရိုင်းသွားမှာလား စိုးမိတယ်။ ညိုပြာညက်လေးက "ဘာလုပ်နေတာလဲ လာလေ"လို့ လှမ်းခေါ်မှ ကြောက်ကြောက်နဲ့ သူတို့နားသွား ယောင်ကြောင်ကြောင်နဲ့ ထိုင်မိတယ်။ ကယ်ကြပါအုံး... အရပ်ကတို့.... ဟီးးးဟီးးးး အခုတွေးရင်တောင် ကျောထဲကစိမ့်ပြီး ကြက်သီးထလာတယ်... ဟီ...ဟိ.... တော်သေးဗျ။ Queenက စိတ်ထိန်းနိုင်ပုံရတယ်။ ဟန်မပျက် စကားနည်းနည်းပြောပြီး သူလာကြိုမယ့်အချိန်ပြောပြီး လစ်သွားတယ်။ ကျွန်တော်လည်း ဒီတော့မှ သက်ပြင်းချနိုင်တော့တယ်ဗျာ။ အညတရဆိုတဲ့ကောင် လုပ်လိုက်ရင် ရိုက်ပေါက်....တလွဲချည်းပဲဗျ။ ပွဲဦးထွက်ကတဲက လွဲလာလိုက်တာ အခုထိပါပဲဗျာ......ဟီ...ဟိ......

***တချိန်က ရီစရာ အမှတ်တရ အကြောင်းတွေကို ရီပြုံးပြုံးနှင့် ဖော်ကောင်လုပ် ရေးသားခွင့်ပြုတဲ့ သူငယ်ချင်း ညိုပြာညက်နှင့် Queenတို့ နှစ်ဦးကို ကျေးဇူးတင်ပါသည်။***

28 comments:

May Moe said...

ဟားဟားဟား ကောင်းပ အဲဒါ ရွှေခိုးတဲ့ အကျိုးပေါ့ကွယ် :P ရည်းစားဦးက သင်္ကြန်မှာတွေ့တာပေါ့ ဟီးးး ညီမတို့လဲ သင်္ကြန် ဖူးစာပဲ သင်္ကြန်ကိုလည်းအရမ်းချစ်တယ် မန်းသင်္ကြန် တော့မဟုတ်ဘူးပေါ့ ရန်ကုန်သူဆိုတော့ ရန်ကုန်သင်္ကြန် ပေါ့ :D ဒါနဲ့ မီးဆိုတာက ?????? :P

ရွှန်းမီ said...

:-) ဟိုqueenလေးက သဘောကောင်းသားနော်..

ရွှေပြည်သူ said...

(၁)ရော (၂)ပါ ဆက်တိုက်ဖတ်ပြီး ညည်းမိတယ်... “သြော် ဆိုးပုံတွေ ဆိုးပုံတွေ...”လို့း)) ကိုအညတရကတော့လေ လုပ်လိုက်မှဖြင့်...း)

khin oo may said...

နေပါဦး အဲဒီတော့ ကွင်းက ပစ်သွားတော့ ညိုညက်ကလေးနဲ့ဆက်ချစ်သလား ဘယ်လိုကွဲ သလဲ။ ဇတ်ပေါင်းသလား ။

Queen က သဘော မကောင်းပါ။ ဒီနေရာ မှာဒီလိုလဲ act လုပ်ရပါတယ်။ ဂျူး ဝတ်ထုထဲ တွေက လိုပေါ့။

နောက်ဆုံး heart museum ဘယ်သူနဲ့ အိမ်ထောင်ကျသွားလဲဟင်း :P

thorn musem said...

ဟဲလို....
အညတရ...
မြာ၂ပွေဝင်လာတော့ ဖြစ်ပျက်နေပုံလေး...
ကြည့်ချင်လိုက်တာ...။
နောက်ဆုံး...ညိုပြာညက်လေးနဲ့ ရော...
ဘာဖြစ်သွားလဲ...
ဆက်ဦးနော်...။စောင့်ဖတ်နေမယ်..။

မသက်ဇင် said...

ကိုဟ ရေ----
လာဖတ်ပါတယ်---
အတိတ် က လူဆိုးလေးပေါ့--
ဟုတ်လား--
ခင်မင်လျက်
မသက်ဇင်

လူလ said...

မင်္ဂလာပါ ကိုဟ

ဖတ်လို့ကောင်းတယ် ဗျို့။ တကယ့် ဟာသ။
ဇာတ်လမ်းက ဆုံးသွားပြီလား။ ဆက်ဦးလေ
ဖတ်ချင်သေးတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

မောင်မျိုး said...

တကယ့် အဖြစ်မှန်တွေ မို့ ဖတ်ရတာ အရသာရှိလိုက်တား) အစ်ကို့ နေရာမှာ ကျနော်သာဆို ဆိုင်ပေါက်ဝမှာတည်းကထွက်ပြေးမယ် ။

မဇနိ said...

ကိုပြတိုက် ဆက်ရန်မျှော်နေပါသည်။ သူတို့က ခွင့်ပြုချက်ပေးတယ်ပေါ့လေ။ ဖတ်ရင်းတောင် ပြေးပေါက်ရှာနေမိတယ်။

ရှင်မင်းညို said...

ဟားဟားရီရတယ်...

ပန်းခရမ်းပြာ said...

ဘာများ ဆက်ဖြစ်မှာလည်းလို့ ရင်တမမနဲ့ ဖတ်ရတာ။ တော်သေးတာပေါ့။ ဆက်ရန်ကို မျှော်နေမယ်။

အိုင်လွယ်ပန် said...

အဟီး...ဖြစ်ရပ်မှန်ကိုး....
ကမ္ဘာစစ်အလည်ကိုရောက်သွားသလိုပဲဗျ :P

Apprenticeship said...

အမ်း.... မင်းသမီးနှစ်ယောက်ကိုတစ်ယောက်ပေါ့ :P

Heartmuseum said...

ဂျီးဒေါ်မိုးကတော့ အချွန်နဲ့ ထပ်မနေပြန်ပြီ။ အညတရ ငိုချင်းကတာ မြင်ချင်ပုံရတယ်။:D
ဟားးး ဟားးးး Queenရေ Bloggerရွှန်းက နင့်ကို သဘောကောင်းတယ်တဲ့ မုန့်ဝယ်ကြွေးလိုက်အုံး...:P
အမရွှေပြည်ရေ ကျွန်တော်က အချွန်နဲ့မရင် ယောင်ကြောင်ကြောင် လုပ်တတ်တယ်ဗျ...ဟီ..ဟိ...
အမKOMရေ... ဘယ်သူနဲ့မှ ကျွန်တော်မရပါဗျာ။ ကျွန်တော်အညတရ ကျန်ရစ်လေးပါခင်ဗျာ..... ကိုသစ်နက်နဲ့ မဇနိရေ ဆက်ရန်ရေးဖို့ သူငယ်ချင်း ညိုပြာညက်ဆီ ခွင့်ထပ်တောင်း လိုက်အုံးမယ်ဗျ။ ကိုလူလနဲ့ အမသက်ဇင်ရေ ရီရတယ်ဆို သူတို့ ကာယကံရှင် တွေဆီ တကူးတက ခွင့်တောင်း ရကြိုးနပ် ပါတယ်ဗျာ။
မောင်မျိုးကလဲ ငါ့အတိုင်းပဲ သတ္တိကောင်းပါ့..ဟီ..ဟိ..
ကိုအိုင်ကြီး တကယ်ပဲဗျ။ ဟားးး ဟားးး
APရေ အထင်မကြီးနဲ့ နာမည်ကြီး ထမင်းငတ် နောက်မှထပ်ရေးပြအုံးမယ်။ ထမင်းငတ်တဲ့အကြောင်း....P:

Moe Cho Thinn said...

လူပုံက ကြည့်တော့ ရိုးပုံ ရိုးပန်းနဲ့။ တို့က ရိုးသား ကြိုးစား ဖိုးသခွားထင်နေတာ။ တကယ်တော့ သူက ခွချက်ကြီးပါလား။ ဘူမိကလို့ မပြောရဘူးနော်။ :)

ဒူကဘာ said...

ပြတိုက်ကြီးကလဲ ထိချင်ရာထိ လျှောက်ပစ်တာကိုး တချို့ ဘလောက်ဂါများဆို တခါပစ် တချက်ထဲထိပြီး အင်္ဂလန်မှာ လာကျနေတာတဲ့ ဘုရားသခင်... အလန်ကွာမိန်း လက်သစ်တွေပေါ့နော်...ဒုတ်...ခွတ်...အွတ်...ကချင်အဖွားကြီးက အတင်းတုပ်လို့ နရင်း လာအုပ်ခြင်းပါ။ ကျန်လူမပါ ဒူကဘာတယောက်ထဲသာ .....အဟွတ်...အဟွတ်

khin oo may said...

အသက် ရှည်ဦးမယ်။ အခုဘဲ ကလူသစ် ဆီမှာ။ Republic ဆီမှာ အတင်းတွေ လည်ပြောပြီး ပြန်လာတယ်။ အိမ်မှာ တွေ့လိုက် တော့ ထိတ်ကနဲ ဖြစ်သွားတာဘဲ။။ :P

khin oo may said...

ကားမရှိလို့ မသိဘူးရှင်။ ဒါလောက်တောင် မနည်းစုံးစမ်း မေးမြန်းထားရတာ။ ညနေ မြန်မာ ဆိုင် ရောက် မှ မေးကြည့်ပြီး အကြောင်းပြန်ပါ့မယ်။

khin oo may said...

ထမင်းငတ်တဲ့ အကြောင်းလေး။ စောင့်နေတယ်နော။ စပ်စုတတ်လို့။

khin oo may said...

1 Nov 08, 05:29
kom: ဒီနေ့ဘယ်လိုဖြစ်လို့ heartmuseum ခြေရာတွေ ကို လိုက်နင်းနေမိပလိမ်.
1 Nov 08, 05:28
kom: ဆက်လက် ကြိုးစားပါဦးမည် ကိုဇနိ :P
1 Nov 08, 01:31
့heartmuseum: တံတားတွေ ငေးသွားတယ်

(Za Ni blog)

ရွှန်းမီ said...

:-) ဆက်ရေးပါဗျို့ ..

thihanyein said...

ဖိုင်နယ်မှာတိုင်ကွယ်သွားမယ်ထင်နေတာ တော်သေးတာပေါ့ တိုင်စာမမိတော့လို့

ဝေလေး said...

၁ နဲ့ ၂ ဖတ်ပြီးတော့ မမရွှေပြည်သူလိုတွေးမိတယ်. ဟဲ....
ကာယကံရှင်တွေကိုခွင့်တောင်းပြီးမှရေးတာကိုးး......
ဘာဖြစ်သွားလဲ ဆက်ပါဦးနော်...
ခုတော့ ရယ်စ၇ာပဲ အဲဒီတုန်းကတော့ ချွေးပြိုက်ပြိုက်ကျနေမှာနော်.... :P

ဝါ၀ါခိုင်မင်း said...

၁ နဲ့ ၂ ကို တစ်ခါတည်းဖတ်သွားပါတယ်.
ဟဲဟဲ..ရယ်လည်းရယ်ရပါတယ်..ဖတ်လို့လည်းကောင်းပါတယ် .
အဆက်ကလေးလည်းလာဖတ်ချင်ပါသေးတယ်.

Moe Myint Tane said...

၁ နဲ့ ၂ ကိုတစ်ပေါင်းတည်းဖတ်သွားပါတယ် ပြတိုက်ရှင်ရေ။ ဆေးကောင်းဝါးကောင်းလေး ရှိရင်ပေးပါဦးဗျာ။ ထီကနဲဆို မိုးမြင့်တိမ်တို့က ခံဘက်ကချည်းဘဲဗျ။ အားရပါးရရီသွားပါတယ်။ ဖတ်လို့အရမ်းကောင်းတယ် ပြတိုက်ရှင်ရေ။

mabaydar said...

မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ခုလိုအလောင်းအစား အရက်လေး၂လုံးအတွက်နဲ့လုပ်တာတော့မကောင်းဘူးထင်ပါတယ်..
ဒါပေမဲ့ အဲလိုလူဒီဇာတ်လမ်းမှာခံခဲ့ရတယ်ဆိုတော့ဝမ်းသာတယ်.
အမှန်တရားဆိုတာကြာကြာလိမ်လို့မရပါဘူး.. ကောင်းတယ်.. နဲတောင်နဲသေးတယ်.. ဟီး..ဟီး..
ဒီဇာတ်လမ်းအရသင်ခန်းစာရတာကတော့.. ကိုယ့်ကိုလိုက်တဲ့ယောင်္ကျားကို အချိန်ဆွဲစဉ်းစားတာမှန်နေပြီထင်တယ်..
ဒါပေမဲ့နောက်တစ်ချက်ကလဲ.. ကြာကြာအချိန်ဆွဲရင်လဲ သူများနောက်ပါသွားတတ်တယ်ဆိုတာလဲ သင်ခန်းစာရပါတယ်.. ဟင်း...
ယောင်္ကျား..ယောင်္ကျား.. မရှိမကောင်း..ရှိမကောင်း..မပေါင်းလဲခက်..ပေါင်းလဲခက်..
မဗေဒါကတော့ တော်တော်စိတ်ကုန်နေပြီ..
အဟဲ.. အချွန်နဲ့မတာတော့မဟုတ်ဝူးနော်.. မီး အကြောင်းလေးပိုစိတ်ဝင်စားတယ်.. အနဲဆုံး အချစ်စစ်ဆိုတာယောင်္ကျားမှာရှိသေးသားပဲဆိုတဲ့ပုံပြင်လေးကိုသိချင်လို့..

အိတာ said...

အရင်တုန်းကဆိုးတယ်။။။
ခုရော ဆိုးတုန်းပဲလား...ပြောပါဦး...
စတာနော်
ခင်မင်လျက်
အိတာ

Leo Zin said...

ဟီးဟီး ရီရတယ်နော်... ဒီလိုပဲဖြစ်တတ်ပါတယ်... တော်သေးတာပေါ့နော် ဘယ်သူကမှ Serious မထားခဲ့လို့... ဒါပေမယ့် တစ်ယောက်တစ်ယောက်က တစ်ကယ်ချစ်ခဲ့ရင်တော့... ဒီလိုရီစရာ ဘယ်ဖတ်လို့ရတော့မလဲနော်...