အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, November 5, 2008

အညတရ နှင့် ကဗျာ ...... ကဗျာ နှင့် အညတရ

ဒီပို့စ်လေးတွေ ကြိုဖတ်ထားရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ဟဲ...ဟဲ ညိုပြာညက်ဆီက ခွင့်ရလို့ post အကြွေး ဆက်ရန်လေး ရေးလိုက်အုံးမယ်။ လာလေရော့.......


ဘာတွေဖြစ်ဖြစ်၊ ဘယ်လိုမှားမှား အညတရ တယောက်တော့ ရည်းစားရပါပြီ ခင်ဗျား။ ဒီနေရာမှာ လာပါပြီဗျာ.... ပြဿနာ.... ကံနဲ့လူ မပူနဲ့ ဆိုရိုးစကား ရှိပေမယ့် ကံမရှိတဲ့ အညတရတယောက်တော့ ပူရတယ်ခင်ဗျာ့......။ ညိုပြာညက်ကလေးက အိမ်ကလူတယောက် အဖော်လုပ်မလိုက်ရင် တခါမှ အပြင်မထွက်ဖူး ပါတဲ့ခင်ဗျာ။ သေဟ ....နန္ဒိယ.... ဘယ်လိုလုပ်မတုန်း...။ သူကလဲ ကျွန်တော်နဲ့အတူ လျှောက်လည်ချင်ပါ၏။ ဒီကလဲ တခါမှ မထားဖူးတဲ့ ရည်စားလေးနဲ့ လျှောက်လည်ချင်ပါ၏။ သို့သော်.... ဒါပေမယ့် ညိုပြာညက်က အပြင်ကို ညီမ၊မောင် (သို့) မိဘဆွေမျိုး မပါပဲ အပြင်ထွက်မရတဲ့ဗျ။ ညိုပြာညက်ကလေးကို လူကြီးတွေ မပါပဲ ခေါ်ထုတ်ပေးမယ့် ဟိုသကောင့်သမီး Queenကိုလဲ အပူမကပ်ရဲပါ။ (နောက်မှပေါ်တယ်။ သူကလဲ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ရမှာ မျက်နှာပူလို့ အပြင်ခေါ်ထုတ် ပေးရမယ့်ကိစ္စဆို မသိမသာကော၊ သိသိသာသာပါ ရှောင်သတဲ့ဗျာ။) ကယ်ကြပါအုံး.... ဒီကောင် အညတရ ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေလို့ ခင်ဗျ။


ဒီလိုနဲ့ပဲ ကျောင်းပြန်ဖွင့်လို့ ညိုပြာညက်လေးသာ ရန်ကုန် ကွန်ပြူတာတက္ကသိုလ်ကို ပြန်သွားတယ်။ ကျွန်တော်နှင့်သူ တခါမှ အပြင်မှာ ချိန်းမတွေ့ လိုက်ရပါခင်ဗျာ။ ဟီးးးးးး တခါမှ တကယ်ကို တခါတည်း အပြင်မှာ အတူ လည်ပြီး ဘုရားဖူးဘူးပါတယ်။ အဲဒီတခါကလည်း ညိုပြာညက်နဲ့ ဘုရားသွားနေပေမယ့် အပြန်ကို လာကြိုမယ့် Queenကို ထပ်တွေ့ရမှာ ကြောက်လဲကြောက် မျက်နှာလဲပူနေတာကြောင့် လူက ဘုရားသာ ကန်တော့နေတယ် စိတ်က ဘယ်လိုလုပ်ရင် ကောင်းမလဲ တွေးနေတာနဲ့ မပျော်လိုက်ရပါဗျာ။ ဟီးးး ဟီးးး ဒါပေမယ့်ပေါ့ဗျာ..... ဆိုင်ကယ်အပ်တဲ့ နေရာကနေ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ရောက်သည်အထိ ကျွန်တော့် လက်မောင်းလေး မှီကာတွဲပြီး လမ်းတွဲလျှောက်ရတာ အရသာ... အရသာ....:P ဒါပေမယ့်လဲ ဒါပေမယ့်ပေါ့ဗျာ ကျွန်တော် ကံကောင်းပါတယ်။ နို့မဟုတ်ရင်.... အခုသူ့လင်တော်မောင် ခံနေရတဲ့ ၀ဋ်တွေ ကျွန်တော် ခံရမှာဗျ... ဟီးးးးး။ (ကောင်မစုတ် ညိုပြာညက်.... ဖုန်းဆက်ပြီး ရန်မထောင်ကြေး... :P)


သူရန်ကုန်ရောက်တော့ ကျွန်တော် လွမ်းရပါပြီ။ စဉ်းစားကြည့်လေ..... အဖြေရတာ ဘာမှမကြာသေးတဲ့ ကိုယ့်ရည်းစားနဲ့ ခွဲနေရတဲ့ အလွမ်းဝေဒနာ ဘယ်သူကူလို့ ပြေပါတော့နိုင်....။ လွမ်းတယ်ဗျာ... ရေရေလည်လည် လွမ်းတယ်။ အသားကုန်လွမ်းတယ်။ ဘယ်လိုကြီးကို လွမ်းမှန်း မသိအောင် လွမ်းတယ်။ တယောက်တည်း ကျိတ်ပြီးလွမ်း၊ အဖော်အပေါင်းတွေနဲ့လွမ်း၊ အသည်းကို အရက်နဲ့စိမ်ပြီးလွမ်း၊ ဖုန်းဆက်ပြီးတော့လွမ်း၊ ကဗျာတွေရေးပြီးလွမ်း၊ လွမ်းပြီးရင်းလွမ်းလိုက်တာ..... လောကကြီးက ရက်စက်တယ်ဗျာ... လွမ်းလို့ အားမရသေးတဲ့ အညတရကို အပီအပြင် ရိုက်ထည့်လိုက်တာ တလလဲပြည့်ရော အညတရတို့ မလွမ်းရဲလောက်အောင် ဖြစ်သွားတယ်....ဟီးးးးး။ မလွမ်းရဲအောင် ရိုက်ထည့်လိုက်တာ ဘယ်သူမှတ်နေတုန်း ...ဟဲ..ဟဲ.... ဖုန်းဘီလ်လေဗျာ...ဖုန်းဘီလ်.... အညတရဆိုတဲ့ကောင် ခေါင်းတွေ ချာချာလည်ပြီး အသက်ရှုပါ မှားသွားတယ်။ မမှားပဲ ခံနိုင်ရိုးလားဗျာ.... တယ်လီဖုန်း ပြောခက တသောင်းကျော်၊ နှစ်သောင်းနီးပါးဗျ။..ဟီ..ဟိ.. အဲဒီအချိန်က တဒေါ်လာကို မြန်မာငွေ သုံးရာကျော်ပဲ ရှိသေးတယ်လေ။ စဉ်းစားသာကြည့်ပေတော့.... သူကော ကျွန်တော်ပါ အတော်အီစောင့်သွားတယ်။ သူက ပိုက်ဆံရှိတော့ သိတ်မထောင်း သာပေမယ့် အဖေ လေဖြတ်သွားလို့ ခုမှ စီးပွားရေး လောကထဲ ၀င်ကာစ အိမ်ထောင်ဦးစီး အသစ်လေး ကျွန်တော်မှာတော့ ဖြူကာပြာကာ ကျသွားတယ်။ ညိုပြာညက်က ဖုန်းဖိုးသူပေးပါ့မယ် ဆိုပေမယ့် ကျွန်တော်က လုံးဝ(လုံးဝ) လက်မခံပါခင်ဗျာ။ ကောင်မလေးဆီက ပိုက်ဆံတော့ မယူချင်ပါဘူးဗျာ။ ဟီးးးးး တယ်လီဖုန်းနဲ့ လွမ်းရမှာ တော်တော် ကြောက်သွားတယ်ဗျ။ မကြောက်လို့လဲ မရဘူးလေ.... တခါသေဖူး ပျဉ်ဖိုး နားလည်မှပေါ့။ ဟုတ်ဖူးလား.....:D



ဒီလိုနဲ့ပေါ့လေ..... ကျွန်တော် အညတရတယောက် ညိုပြာညက်လေးကို ကဗျာရေးပြီး လွမ်းရပါတော့တယ်။ ဟဲ..ဟဲ... ဆရာကြီး ဒဂုန်တာရာ၊ ကဗျာဆရာကြီး ကွယ်လွန်သူ ဆရာကြီး ဦးတင်မိုး၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ရှား စတဲ့ နာမည်ကြီးတွေကို ကြိတ်ပြီး အားကျနေတဲ့ အညတရ ကလောင်စွမ်းပြဖို့ အချိန်တန်ပြီပေါ့။ ရေးလိုက်အုံးမဟဲ့.... ရည်းစားစာ အလွမ်းကဗျာရှည်များ....။ အဲဒီတုန်းက အသဲနုနု၊ အတွေးနုနု အချစ်ကလေးကလဲ နုနုငယ်ငယ် (အခုလို ကလေးတွဲလောင်းနဲ့ ရွတ်တွ မဟုတ်... ဟီ..ဟိ) ဆိုတော့ကာ ဖီး(လ်)အပြည့်နဲ့ ရေးလို့ အတော်ကောင်းသဗျ။ ချစ်သမျှကို စာစီကုံးလို့ လွမ်းသမျှကို နတ်သံနှောကာ ပြောပြသည်။ တနေ့တနေ့ ရေးလိုက်ရတဲ့ကဗျာရှည် ဗလာစာရွက်(၄)၊(၅) ရွက် လျှောကနဲ၊ လျှောကနဲနဲ့ ဟောတစောင်၊ ဟောတစောင်ဗျ။ သူ့ဆီက စာတွေလာလိုက်၊ ကျွန်တော်က ကဗျာတွေ ပြန်လိုက်နဲ့ စာတိုက်နဲ့ စာပို့သမားကို ၀ဋ်ကြွေး ရှိသမျှ အလုပ်အကြွေး ပြုကြပါသည်ခင်ဗျား......။


ဒီလိုနဲ့ တလကျော်၊ နှစ်လလောက်ကြာတော့ ကျွန်တော့်ရဲ့ ပင်တိုင် ကဗျာပရိတ်သတ် ညိုပြာညက်ကလေးလဲ ကျွန်တော့်ရဲ့ ကဗျာမုန်တိုင်းဒဏ် မခံနိုင်တော့ဘူး ထင်ပါတယ်။ တရက်တော့ သူ့ဆီက ပြန်စာ ရောက်လာတယ်။ အညတရလဲ ၀မ်းသာအားရ ပျော်ပြီး ဖွင့်ဖတ်လိုက်တဲ့ သကာလ... အောင်မလေးတောင် မတနိုင်တော့ပါ။ ဟီးးးးးး ဟီးးးးး ပရိတ်သတ်ကြီး ဘာတွေရေးထားမယ် ထင်ပါသလဲ..... ???????? ရက်စက်လိုက်တဲ့ လှကညာ ညိုပြာညက် ...... ကျွန့်တော့် နှလုံးသားက စီးထွက်လာတဲ့ မျက်ရည် ကဗျာရှည် သူမမြင်နိုင်၊ မရှု့ရက် မကြည့်ရက်ပါတဲ့ဗျာ။ ဟီ...ဟိ.... အကိုတဲ့ ကဗျာတွေ သူ့ဆီမရေးပါနဲ့တဲ့၊ ကျေးဇူးပြုပြီး စာပဲရေးပါတဲ့.. ဘာဖြစ်လို့လဲ ဆိုတော့ ကဗျာဆိုရင် သူက လုံးဝနားမလည်၊ မဖတ်တတ်၊ ခံလဲမခံစားတတ် ပါတဲ့ဗျ။ဟားးး ဟားးး ရေးချင်အုံးဟဲ့ ကဗျာ၊ ရှည်ချင်အုံးဟဲ့စာ စောစောက ပြောပါတော့လား နှမငယ်... ညိုပြာညက်ရယ်... အခုတော့ အညတရ အသည်း ကျွဲခတ်သွားပြီ။ (ဟီးး ဟီးးး မှတ်ကရော ညိုပြာညက် မဟုတ်တော့ ကျွဲဖြစ်သွားပြီ။) ရှိစေတော့.... ရှိစေတော့.... ကျွဲပါးစောင်းတီးရင် အနုပညာရဲ့အရသာ ကျွဲမသိ၊ တီးမိသူသာ ဂျိုနဲ့ငြိ ပေမပေါ့။ ကိစ္စ မရှိပါဘူးလေ။ ခွင့်လွှတ်ပါတယ်။ ဟိုစကားလဲ ရှိသေးတယ်.....ဘာတဲ့ ပလာတာရဲ့ အရသာ နွားမသိ။ (ကြုံတုန်းလေး အပြတ် သိတ်ထားမှ:P) ဒီလိုနဲ့ပဲ ပရိတ်သတ်ကြီးက ၀က်ဝက်ကွဲ အားပေးတော့ အညတရ တယောက်လဲ ကဗျာရေးသည့် အလေ့အထ ရှက်ရှက်နဲ့ စွန့်ခဲ့ရပါသည် ခင်ဗျား။ ဒါလဲ အမှတ်မရှိ အခုတောင် တခါတခါ ဗွေဖောက် အရှက်ကို ဘေးချထား၊ မျက်နှာပြောင်တိုက် ရှေ့မျက်နှာ နောက်ထား ပြီး ကဗျာတွေ ပြန်ရေးမိနေတော့၏။ ကျန်ရစ်ဖြစ်တာလဲ မပြောနဲ့လေ...........။



တကယ်ဆို ကဗျာရေးတဲ့ အညတရ ညံ့လို့တော့ မဟုတ်တန်ရာ... ကဗျာဖတ်သူ တဦးတည်းသော ပရိတ်သတ် ညိုပြာညက် ညံ့လို့ နားမလည်တာပဲ ဖြစ်ရမယ်။ (ဟီ..ဟိ... ကိုယ့်ကိုယ်ကို ဒီလိုပဲ အားပေး နှစ်သိမ့်ပြီး ဖြေတွေးလေး တွေးလိုက်အုံးမှ....:D) နောက်တော့ သူ့မိသားစုလဲ မန္တလေးကနေ ရန်ကုန်ရွေှ့သွားတော့ ကျွန်တော်တို့ ကိစ္စလဲ ဇာတ်မျှောကြီးဖြစ်ပြီး ပြတ်မှန်းမသိ ပြတ်သွား၏။ ပြန်တွေ့တော့ သူ့ရည်းစားက ကျွန်တော်နဲ့ လည်ပင်းဖက် ပေါင်းတဲ့ ရန်ကုန်သား သူငယ်ချင်း တယောက်ဗျ။ ကျွန်တော် ၀ဋ်လည်တာလားမသိ ဟီ..ဟိ။ တကယ်တော့ သူကော၊ကျွန်တော်ပါ တယောက်ကို တယောက် စိတ်ကစားယုံသက်သက် တကယ်ချစ်ခဲ့ပုံမရပါ။ မမျှော်လင့်ပဲ ပြန်တွေ့ကြတော့ ရီချင်တာပဲ သိတယ်ဗျ။ အဲဒီအချိန်မှာ ဘယ်လိုမှ မခံစားရ။ ဒီကောင့်ကို သူက ကြိုပြော ပြထားတော့ သူ့ရည်းစားကလဲ ကျွန်တော်တို့ လျှို့ဝှက်သည်းဖို ချစ်ဇာတ်လမ်းအကြောင်း အားလုံး သိပြီးသားဗျ။ ခွင့်လွှတ်ပုံရ၏။ (ခွင့်လွှတ်ရမှာပေါ့လေ။ စိတ်ကစားကြတာ သက်သက် ဘာမှဖြစ်ခဲ့တာမှ မဟုတ်တာ။)

30 comments:

thihanyein said...

ကိုပြတိုက်ကြီး အဟီး ညိုပြာညှက်ကလေးရဲ့ လက်ထပ်မင်္ဂလာပွဲကို မတက်ရောက်ဘူးလားဗျ
ငယ်ချစ်ဟောင်းရဲ့လက်ထပ်မင်္ဂလာပွဲမှာ အဟီးးးးးး
စတာဗျာ စိတ်မရှိပါနဲ့ တသောသောနဲ့ကိုရယ်နေရတယ်ဗျာ
တစ်ကယ်ရေးတတ်တဲ့သူ အဟဟ

My Wonderful Moral Thoughts said...

ဖတ်သွား၏။

သွတ် သွတ် သွတ် (သနားသွားသော အသံ)

ဟိ
SMNTL

mgngal said...

အံ့ရော အံ့ရောဗျာ ။ ဒါလိုလည်း ဖြစ်တတ်ပါတယ်လေ ။ :P
ဖတ်လို့ တော့ ကောင်းသဗျ ။ အားပေးနေပါတယ် ။

loyallove said...

ကောင်းတယ်ဗျ..ဖတ်ရင်းနဲ့ကို ရယ်နေရတယ်..အတိတ်ဟောင်းက အချစ်ဟောင်းဇာတ်လမ်းလေးပေါ့နော်...:P

အိုင်လွယ်ပန် said...

ဖတ်ရတာရုပ်ရှင်တစ်ကားကြည့်နေရသလိုပဲ...
အစ်ကိုကစာရေးကောင်းတယ်ဗျ.....

ဝါ၀ါခိုင်မင်း said...

ဖတ်ရတာ အလွန်ကောင်းပါ၏။
စာရေးကောင်းတာကိုနော်။
ရယ်ရတယ်..တကယ်။း)

- said...

အစ်ကို မူတာ ၊ ပလာတာရိုက်တာ များသွားတာ ဖြစ်မယ်ဗျ။ ခုတော့ ကောင်းကြသေးရဲ့လား၊ ဟီး၊ အနော်လည်း ဖြစ်ဖူးတယ်၊ အခု--အခု
http://winzaw-mdy.blogspot.com

လူလ said...

မင်္ဂလာပါ ကိုဟ

ဘယ်ဆိုးလို့တုန်း ကျွဲ အရှေ့မှာ ဂီတာ သွားတီးနေတာကိုး..
သူငယ်ချင်းကလဲ ဖြတ်ခုတ်သွားတာပေါ့။ ဒါကြောင့် အသည်းကို ပြတိုက်မှာ ထည့်ထားတာပေါ့။
ပေါက်ပြီ ပေါက်ပြီ

ရွှင်လန်းချမ်းမြေ့ပါစေ...

May Moe said...

သိချင်တာ ဒီအကြောင်းမဟုတ်သေးဘူး ။ နောက်ထပ်ဆက်ရေးပါအုန်း။ အခုချိန်ထိ အဆွေးသမားကြီးဖြစ်အောင် ဘယ်သူပြုစားထားတာလဲ သိချင်တာ အဲဒါ အဲဒါ ဟီးးးးး :P

ကိုတိုးလေး said...

အခုအချိန်ထိ အဆွေးသမားတစ်ယောက်ဖြစ်အောင် ဘယ်သူလုပ်ခဲ့လည်းတဲ့ မမေမိုးမေးထားတယ် အဲ့ဒါကို ကျွန်တော်လည်းစိတ်ဝင်စားတယ် အကိုရေ ....... ဖြေနိုင်ရင်ဖြေပေးပါနော်............။

မဇနိ said...

“သိချင်တာ ဒီအကြောင်းမဟုတ်သေးဘူး ။ နောက်ထပ်ဆက်ရေးပါအုန်း။ အခုချိန်ထိ အဆွေးသမားကြီးဖြစ်အောင် ဘယ်သူပြုစားထားတာလဲ သိချင်တာ အဲဒါ အဲဒါ “
ဟုတ်ပါတယ် မေမိုးကို အပြည့်အ၀ထောက်ခံပါတယ်။
တကယ်က မဟုတ်ဘူး။ အစက အဲဒီညိုပြာညက်နဲ့ဘာဖြစ်လဲသိချင်နေတာ ။ အခုသိရတော့ နောက်ထပ်တိုးလာတာ နောက်ဇာတ်လမ်းသိချင်ပါတယ်လို့။
ဒီလောက်အရေးအသားကောင်းတဲ့သူ ဘာလို့ကျန်ရစ်တာလဲ စဉ်းစားတတ်တော့ဘူး။

khin oo may said...

လက်နှေးလို့ပေါ့ . / မဇနိရယ် မေးနေ ရသေးလား :D

khin oo may said...

kom: ဖတ်သွားတယ်ရှင်.၊ နောက်ရည်းစားကော့ ရသေးလား။ စာမျက် နှာကျော် ပြီး ဖတ် ကြည့် ချင်လြို့ :P

Moe Myint Tane said...

ပြတိုက်ရှင်ကြီးရေ အားရပါးရရီသွားပါတယ်။ ဇာတ်လမ်လေးကလည်းကောင်း အရေးအသားကလည်းကောင်းဆိုတော့ ဖတ်ရင်းနဲ့ကို တခွိခွိနဲ့ ရီနေရတယ်။ ဒါနဲ့ ပြတိုက်ရှင်ရေ မေးတဲ့လူတွေက မေးကုန်ပြီနော်။ ဘယ်လိုဖြေမလဲ????



စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

အိမ်မက်ရှင် said...

ကောင်းလိုက်တာဗျာ၊ ရယ်နေရပါကလား။ အကြိုက်ဆုံးအခန်းလေက ရည်းစားကိုယ်နဲ့ ပြတ်တော့ ကျွဲလုံးလုံးဖန်တီးပြီး ကျွဲပါးစောင်းတီးရယ်လို့ ဖွဲ့နွဲ့ထားတာ လေး သဘောကျလို့မဆုံးပါဘူး ကိုဟတ်။
(အခု ကွန်မန့်ရိုက်နေတာတောင် ရယ်နေမိတုန်းပဲ၊ အဟဲဟဲ)

ခင်မင်စွာဖြင့်

မသက်ဇင် said...

ကိုဟရေ---
အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်--
စာရေးကောင်းပါ့ရှင်---
စာဖတ်သူကိုဆွဲခေါ်သွားတယ်နော်--
အင်း---တခုတော့စဉ်းစားမိတယ်----
အချစ်ဆိုတာ--ခဏ လောက်တော့ စိတ်ကစားတယ်--ဆိုတာကိုပါ---
ကိုဟ က စိတ်ကစားရုံ လက်တွေ့ကြုံခဲ့တာကိုး--
အဆက်ကိုမျှော်နေပါ့မယ်---

thorn musem said...

ကိုဟ....
စာရေးကောင်းတော့လည်း...ဖတ်တဲ့သူက...
ကိုဟ...ကျွဲနဲ့ တွဲပြီး...ဘုရားသွားလိုက်....
ကျွဲဘေးမှာ စောင်းတီးလိုက်...
ပလာတာတွေ လုပ်ပြီး နွားကို ခွံ့ လိုက်နဲ့ မျက်စိထဲမှာ မြင်နေရတာ....
တော်သေးတယ်...
နှလုံးသားပြတိုက်လို့ ဘလော့ဂ်နာမည်ပေးထားလို့ ....
ဖတ်ရင်းဖတ်ရင်း...ဇဝေဇ၀ါတောင်ဖြစ်ပြီးတွေးမိတယ်...
ငါ....ကျွဲနွား ပြတိုက်ထဲ မှားဝင်လာတာလားးးးးးလို့ ..
ဟီး....
သနားစရာကြီး...း) (း

Apprenticeship said...

ခေသူမဟုတ်ပါလား.. ဒီတစ်ယောက်နဲ့ စိတ်ကစားတာဆိုတော့ ရင်နဲ့အမျှတစ်ယောက်လေးကော.. ဟိ..

mabaydar said...

ကိုအညတရရေ.. မေးကုန်ကျပြီ.. ရင်နဲ့အမျှအကြောင်း..ဒါပေမဲ့.. ခံစားချက်ကိုနားလည်တယ်.. ဒါမျိုးတွေက ရေးရင် ဒူးနဲ့မျက်ရည်သုတ်ပြီးမှရေးရမှာ.. မရေးချင်မရေးနဲ့နော်..
မဗေဒါလဲ ကဗျာတွေကိုသိပ်မခံစားတတ်ဘူး.. အထူးသဖြင့် မော်ဒန်ကဗျာ.. နားမလည်ဘူး.. အဲ ရိုးရိုးရှင်းရှင်းနဲ့ တိုတိုရေးထားတဲ့ကဗျာတွေဆိုရင်တော့ ကြိုက်တယ်.. ဖတ်လဲဖတ်တယ်.. ခုထိကိုဟတ်ရဲ့ဘလော့ပေါ်က ကဗျာတွေကိုဖတ်ရတာတော့.. မဗေဒါနားလည်ပါတယ်.. တချို့ကဗျာဆိုရင်ခံစားချက်တောင်တူနေသေးတယ်..
စိတ်ကစားရုံသက်သက်ဘာမှမဖြစ်ဘူးဆိုတာလဲ ကွင်းကျေးဇူးကြောင့်ဖြစ်မယ်.. ဒါနဲ့.. ကွင်းက ကိုဟတ်သူ့ကိုလိုက်ဖူးတာကို ညိုပြာနက်ကိုမပြောဘူးလား.. မဗေဒါဆိုပြောမှာ..ကိုယ့်သူငယ်ချင်း အလိမ်ခံနေရမှာစိုးလို့..ဒါပေမဲ့ ပြောရင်လဲ မနာလိုလို့ပြောတယ်ထင်ပြီး သူငယ်ချင်းကမုန်းမှာစိုးလို့ထင်တယ်.. အင်း.. လောကမှာမဗေဒါပဲ လူမိုက်လုပ်တတ်တယ်ထင်ပါ့..

mabaydar said...

ဆော်ရီးနော်.. ရိုက်တာမှာသွားတယ်.. ညိုပြာညက်.. ညိုပြာနက်မဟုတ်ဘူး.. ကန်တော့.. စိတ်မဆိုးနဲ့နော်.. မမညိုပြာညက်..

ရွှန်းမီ said...

ညိုပြာညက်ကနေ.. အခုတော့ ညို ပြာ မ ဖြစ်အောင် လုပ်ရက်တယ်။
.. ကွင်းမလေးလည်း အရှောင်မြန်ပေလို့သာပေါ့... ။
:-)

ခရီးမထွက်ခင် စာရေးသွားတာ မသိလိုက်ဘူး..။

Moe Cho Thinn said...

နောက်ဆို ရည်းစားထားမယ်ကြံရင် ကိုယ့်ကဗျာတွေ သွားမပြနဲ့။ ပြေးသွားလိမ့်မယ်။ သင်ခန်းစာ ယူတတ်မှပေါ့ကွယ် :))

ရွှေပြည်သူ said...

ကိုအညတရရေ... အဲဒီအချိန်က Blog တွေ မရှိသေးတာ ဆိုးတာပဲနော်။ မဟုတ်ရင် ညိုပြာညက်ကလေး မဖတ်ချင်တဲ့ကဗျာတွေ Blog ပေါ်တင်ရင် ကျွန်မတို့ ကြားကနေ ဖတ်ရဦးမှာ...း)) ဆက်ရေးပါဦးဗျို့လို့ တောင်းဆိုပါရစေ...

sin dan lar said...

ရည်းစားဦး ချစ်ဇာတ်လမ်းတွေ ဖတ်တုံးက
အဆက်ကျရင် ညိုပြာညက်နဲ့ ရမယ်ထင်တာ....
အခုနှလုံးသားပြတိုက်ထဲမှာက ဘူ (ဘယ်သူ)ကျန်သေးလဲ

ကိုရင်နော်ခင်လေးငယ် said...

တိုဟတ်ကြီး....

တော်တော်ရေးတတ်... ဟီးးး
ခုရော ပြတိုက်ထဲမှာ ဒူတွေရှိ..?
ညိုပြာလေးရော...
ထပ်ဖတ်ချင်သေးတယ်ရှင်...

လူလ said...

မင်္ဂလာပါ ကိုဟ။
ပိုစ့်မှာ ခင်လွန်းလို ရေထားတာနော်။ တော်ယုံလူဆို ကျွန်နော်ရဲ့  ဇာတ်ကောင်ထဲ ပါဖို့လား ဝေးသေး၊
ကံကောင်းလို့ ပါတယ် မှတ်လိုက်ပါ၊ ထီထိုးကြည့်ပါလား။ ထီပေါက်ရင်လဲ မမေ့ပါနဲ့...

သြော် ကိုဟရယ်၊
ကိုင်ဇာ သီချင်းလိုပေါ့၊ ကော်ဖီဆိုင်မှာ လူတချို့ဟာ လေသေနတ်နှင့် စစ်တိုက်နေတယ် လို့ နားထောင်ဖူးတယ်လေ။
ကြောက်စရာလား?
ဆယ်နှစ်လုံးလုံး တကယ့်သေနတ်တောထဲမှာ ဖြတ်သန်းလာတယ်လေ

ကျွန်နော်ကတော့ မှန်တယ် ထင်ရင် ရေးဦးမှာ ကျွန်နော် အကြိုက်ဆုံး ကာတွန်းက ဇာတ်ကောင်လိုပေါ့ ... ဟ ဟ

ရွှင်လန်းချမ်းမြေ့ပါစေ...

အိတာ said...

သူလည်းမလွယ်ဘူး...
ဇ နဲ့ ပဲ...အဟီ

စတာာ
ခင်မင်လျက်
အိတာ

မသက်ဇင် said...

ကိုဟ-
အသစ်မတွေ့လို့ စာရေးသွားတယ်--
အလုပ်များနေပါသလားရှင်---

မသက်ဇင် said...

ကိုဟ
နေမကောင်းတာကြာပြီ---
အခုမှ လာလည်နိုင်တယ်---
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ---

Republic said...

ပြတိုက်ကြီး သတိတရလာသွားတယ်ဗျာ ၊၊ မင်္ဂလာပါ ၊၊