အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, October 24, 2008

ကျေးဇူးစကား ဆိုပါရစေ။.....................။

October 11,2008 (Saturday) နေ့က ကျွန်တော့်အဖေ ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။ လူ့ဘ၀ကြီးမှာ လူရယ်လို့ ဖြစ်လာရင် တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာမို့ တနေ့နေ့တော့ ဒီလိုအဖြစ်မျိုး တကယ်တိုးရမယ်ဆိုတာ သိနေပေမယ့် ရုတ်တရက်ကြီး ဒီလိုဖြစ်သွားမယ်လို့ ကြိုမတွက်ခဲ့ မထင်ခဲ့မိတော့ ရင်ထဲမှာ တမျိုးခံစားရတယ်။ အဖေဆုံးတဲ့အချိန်မှာ အဖေ့အသက်က (79) နှစ်ဆိုတော့ အခုခေတ်ကြီးမှာ လူ့သက်တန်းစေ့ နေသွားတယ်လို့ ပြောနိုင်ပါတယ်။ ကျန်ရစ်တဲ့ မိသားစုက ခံစားရပေမယ့် ဘာပဲဖြစ်ဖြစ် အဖေ့အတွက်ကတော့ ကောင်းပါတယ်လေ သိတ်မခံစားရတာပေါ့။ ဒါတောင် ဆီးချိုတက်လာပြီး ဆေးရုံတင်လိုက်ရတဲ့ September25,2008 (Thursday) ကနေတွက်ရင် (၁၇)ရက်လောက် ခံစားနေရသေးတယ်။ ဆေးရုံတက်နေစဉ်မှာကို သူ ကျွန်တော်ပြောတဲ့ စကားတွေကို အေးအေးဆေးဆေး ခေါင်းညိတ်ခေါင်းခါ၊ တခါတလေ တော့လည်း ပါးစပ်နဲ့ဖြေနေသေးတယ်။ အဖေက မြန်မာစကားကလွဲရင် ကျန်တဲ့စကား မပြောတတ်တော့ ဆေးရုံတက်နေစဉ်ကာလတလျှောက် အဖေ့အနားက ကျွန်တော်က ကြာကြာခွာလို့မရခဲ့ဘူး။ New York မှာနေတဲ့ မောင်နှမတွေကို ခေါ်ခိုင်းပြီး မြန်မာပြည်မှာကျန်ခဲ့တဲ့ မောင်နှမတွေကို ဆေးရုံတက်တဲ့ကြောင်း အကြောင်းကြားခိုင်းတော့ ကျွန်တော်က သာမန်ပဲထင်ခဲ့တယ်။ New York မှာရှိတဲ့ မောင်နှမတွေ ရောက်တဲ့နေ့မှာပဲ အဖေစိတ်လျှော့လိုက်ပုံရတယ်။ ကျန်းမာရေး အခြေအနေက အဆိုးဆုံးအခြေအနေကို ချက်ချင်းဆိုသလို ရောက်သွားတယ်။ နောင်မှတတဲ့ နောင်တမရချင်လို့ အဖေ့အတွက် လုပ်ပေးသင့်တာ အားလုံးလုပ်ပေးမယ်စိတ်ကူးနဲ့ ဆရာတေးဆီ အပူကပ်ပြီး ယတြာတောင် ချေလိုက်သေးတယ်။

ဆရာဝန်က အဖေသေချာပေါက်သွားတော့မယ် ပြင်စရာရှိတာပြင်ပါတော့လို့ ပြောတော့ ကျွန်တော်တို့ အဖေ့ကို ခေါင်းချမယ့်နေရာကို ဦးနှောက်ခြောက်အောင်စဉ်းစားရတယ်။ မြန်မာပြည် ပြန်သယ်မလား ဒီမှာပဲ လုပ်မလားပေါ့လေ။ ဆေးရုံမတက်ခင် (၂)ရက်လောက်က အမေက သူ့မြည်း ကျွန်တော့်တူမ မင်္ဂလာဆောင်သွားဖို့ ပြောတော့ အဖေက ကျွန်တော်မပါရင် မပြန်ဘူးဆိုပြီး အပြတ်ငြင်းခဲ့တော့ ကျွန်တော်က ဒီမှာပဲ မြှုပ်ချင်တယ်။ အဖေက သူ့ရုပ်ကလပ်ကို မီးမရှို့ဖို့မှာခဲ့ပြန်တော့ နောက်ဆုံး Rose Hill (ကဗျာဆရာကြီး ဦးတင်မိုးကတော့ နှင်းဆီကုန်းလို့ အမည်ပေးခဲ့တယ်။ Pomona ဘုန်းဘုန်းကတော့ ဖဆပလအစိုးရလက်ထက် ၀န်ကြီးဦးတင်လှက ဒီနေရာလေးကို သဘောကျပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာကို တည်ထောင်ခဲ့တယ် ဆိုသဗျ။) ဆိုတဲ့ နေရာက ရေကန်လေးဘေး တောင်စောင်းလေးမှာ အဖေ့အတွက် နေရာလေး ၀ယ်လိုက်တယ်။ အဲဒီနေရာအတွက် $8400 ပေးရတယ်ဗျ။ မဆုံးခင်ဝယ်လို့ 15% Discount ရတယ်။အဖေ့နေရာလေးဘေးမှာ ကပ်လျှက်ယှဉ်လျှက် အမေ့အတွက်နဲ့ အကို့အတွက် ထပ်ဝယ်လိုက်တယ်။ ၀ယ်ပြီး နောက်ရက် အဖေဆုံးတာပဲဗျာ။ အဲဒီတော့ ဈာပနအတွက် ဘယ်သူ့ကိုမှ အလုပ်မပျက်စေချင်လို့ ဆေးရုံကနေ မြေချတဲ့အထိ ဆောင်ရွက်ပေးတဲ့ companyကို အပ်လိုက်တယ်။ အခေါင်းက $890၊ ကျန်တဲ့ခန်းမ၊ပန်းပြင်၊သယ်ယူခ၊မြေချခက $8750ပေးရသဗျ။ ဒီကြားထဲ မြေချတာ ကိုယ့်ရှေ့မှာချစေချင်ရင် $400ပေးရမယ်ဆိုလို့ ထပ်ပေးရသေးသဗျ။ ဒီလိုနဲ့ အဖေ့ရဲ့နောက်ဆုံးခရီး ချောချောမွေှ့မွေှ့ ပြီးသွားတယ်ဗျာ။အဖေလဲလျောင်းရာနေရာလေးပါဗျာ။ ကျွန်တော့်အကို မြေကွက်သွားကြည့်ပြီး ကျွန်တော် စိတ်တိုင်းကျတဲ့နေရာ ရွေးဖို့ ရိုက်လာတာပါ။

အဖေ့သတင်းကြားကြားချင်း Bloggerသူငယ်ချင်းတွေကို လိုက်အကြောင်းကြားပေးတဲ့ မခင်ဦးမေ၊ မှန်မှန်လာပြီး ဂရုတစိုက်မေးကြ၊ ဆုတောင်းပေးကြ၊ ၀မ်းနည်းကြောင်း ပြောကြတဲ့ သူငယ်ချင်း ရွှန်းမှီ၊ ကိုလူလ၊ မေမိုး၊ မApprenticeship၊ မောင်မျိုး၊ ကိုမိုးမြင့်တိမ်၊ မစိုးမြနန္ဒာသက်လွင်၊ မသက်ဇင်၊ မဗေဒါ၊ ကိုသစ်နက်ဆူး၊ December Cinderella ၊ ကြယ်စင်နတ်သမီး၊ ကိုအိုင်လွယ်ပန်း၊ အမရာ၊ ပန်းခရမ်းပြာ၊ ကိုJuly Dream၊ ကလေးငယ်လေး၊ မHoney၊ မmeguumi ၊ မGreen girl၊ မဇနိ၊ ကိုလူသစ်၊ ကိုစိုးထက်၊ မရွှေပြည်သူ၊ တောင်ငူသား၊ ကိုဝင်းဇော်၊ အိမ်မက်ရှင်၊ ကိုတင့်ထူးရွှေ ၊ Slip၊ မ၀ါဝါခိုင်မင်း၊ ကိုမျိုးဝင်းဇော်၊ ကိုRepublic၊ ဆောင်းကဗျာ၊ ဆောင်း၊ ညမီးအိမ်၊ ကိုတာတူး၊ ကိုဆိုးသွမ်းကြီးနဲ့ ကိုရောင်ဂန်းကြီး တို့ကို ကျေးဇူးတင်တယ်ဆိုတဲ့စကား လုံလောက်မယ်မထင်ပါဗျာ။

emailကတဆင့် သတင်းမေးတာ အားမရလို့ တကူးတက ဖုန်းဆက်ပြီးပြောတဲ့၊ ၀မ်းနည်းကြောင်းpost တင်ပေးတဲ့ ညီလေးBlackကြီး နှင့်ညီလေးရဝေကိုလည်း ကျေးဇူးပါလို့ ဆိုပါရစေ။ အဲ...မမြင်ဖူးပေမယ့် Bloggerအချင်းချင်း ယိုင်းပင်းတဲ့အနေနဲ့ ကိုယ်ကိုတိုင် ခင်းတဲ့ကထိန်ရှိတဲ့ကြားက အပြေးလာပြီးရေစက်ချတရား လာနာတဲ့ မမိုးချိုသင်းနဲ့ ခင်ပွန်းကိုကျော်ဝဏ္ဏတို့ ဇနီးမောင်နှံကိုမြင်တော့ အရမ်းကိုဝမ်းသာတယ်.... တကယ်ဗျ။ ဒီသူငယ်ချင်းတွေကို ထာဝရအမှတ်ရ အမြဲတမ်းကျေးဇူးတင် အမှတ်ထင်ထင်နဲ့ သတိတရရှိနေမယ်။


8 comments:

My Wonderful Moral Thoughts said...

အဖေ့အပေါ် သားတယောက် တာဝန် ကျေပွန်တယ်လို့ မြင်တယ်။

ကိုအညတရ အဖေ ကျေနပ်မှာပါ။ အသက်ရှိစဉ်ကနေ ဆုံးတဲ့အထိ အဖေ့ကို ပြုစုရတဲ့ ကုသိုလ် နဲတာမှတ်လို့။

ဒါနဲ့ပဲ ကိုယ့်ကိုကိုယ် နှစ်သိမ့်ရမှာပေါ့။

ကျန်ခဲ့တဲ့ အမေကို အရင်ထက် ပိုပြီး ဂရုစိုက် အားပေးပေါ့နော်။

အစစအရာရာ အောင်မြင်ပါစေ။
SMNTL

Moe Myint Tane said...

ုပြတိုက်ရှင်ရေ ပြတိုက်ရှင်ကြီးဟာ ဖခင်အပေါ်မှာ သားကောင်းတစ်ယောက်ပီသစွာ လုပ်ကြွေးပြုစု ကျေးဇူးဆပ်ခွင့်ရခဲ့တာ ဂုဏ်ယူပါတယ်ဗျာ။ ဖခင်ရဲ့ နောက်ဆုံးခရီးမှာလည်း ပြတိုက်ရှင်အနေနဲ့ ဖခင်ရဲ့ ဆန္ဒကို ဦးစားပေးဆောင်ရွက်ပေးခဲ့လို့ ပြတိုက်ရှင်ရဲ့ ဖခင်လည်း ကျေနပ်မှာပါ။ အခု ပြတိုက်ရှင်အနေနဲ့ ကျန်ရစ်တဲ့ မိခင်ကို အရင်ထက်ပိုပြီး ပြုစုစောင့်ရှောက် ဂရုစိုက်ပါဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

khin oo may said...

kom: စီတ်မကောင်းစွာနဲ့ဘဲ ဖတ်သွားပါတယ်။ အေးချမ်းပါစေ။

မောင်ပိစိ said...

သက်ပြင်း တွေပဲ အခါခါ ချမိတော့တယ်

TZA said...

အသိနောက်ကျပေမယ့်၊ ဘလော့ဂ်ပိုင်ရှင်နဲ့ မရင်းနှီးပေမယ့်၊ ဝမ်းနည်းကြောင်း ရေးသွားလိုပါတယ်ခင်မျာ။

BLACK DREAM said...

အစ်ကို တာဝန်ကျေပါတယ်!

dilo said...

I am so sorry to read about this news..I have not been blogging and much less reading blogs..

Even though its way over belated, i hope u are feeling much better now and that you take consolation in him being rested. .
i hope u will treasure the moments you and your family has spent quality time with him..
pls take care and..get on with life on a much better note..coz now ur papa is way above there to watch over u.. :D
let me know that you guys are living well..and that you all will not let him down..
pls fren (if u dun mind me regarding u as fren)..pls stay strong..and live life..to the fullest
..
i wish u well..

ဝါ၀ါခိုင်မင်း said...

တာဝန်ကျေပါတယ်ရှင်။
စိတ်မကောင်းစွာနဲ့ ဖတ်သွားရပါတယ်။
ကျမ ဆိုရင် ဖေဖေဆုံးတော့ အနားမှာမနေပေးနိုင်ခဲ့လို့
အခုအထိယူကြုံးမရဖြစ်နေဆဲပါပဲ။
ကိုမြူဇီယမ်ကြီး မိဘအပေါ် တာဝန်ကျေပါတယ်ရှင်။
လေးစားပါတယ်။
အဆင်ပြေပါစေ။