အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Sunday, September 14, 2008

ဘ၀၏ နောက်ဆုံးနေ့များ ( ၃ )

မသေခင် တပတ်အလို
ဒီနေ့ကနေစပြီးနေ့စဉ် ဘ၀၏နောက်ဆုံးနေ့ထိ မိမိကိုကိုယ် သရဏဂုဏ် တရက်(၄)ကြိမ် ဘယ်သူမှ မသိအောင် တင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အထူးအစီအစဉ်ကတော့ တနေကုန် chatting ၀င်မယ့်စိတ်ကူးလေးပါပဲ။ ကျွန်တော်က မနက် (၉)နာရီကနေ ည(၉)နာရီထိ အလုပ်လုပ်သူမို့ blogger လုပ်ပြီး စိတ်ကူးတည့်ရာ လျှောက်ရေးနေတာ တနှစ်ပြည့်တော့မှာဖြစ်ပေမယ့် chatting လုပ်ခဲလှပါတယ်။ သူငယ်ချင်းတွေကို mail ကတဆင့် ၊ Blog မှာတွဲတင်ထားတတ်ကြတဲ့ cbox(သို့) comment ကနေတဆင့်၊ အပြန်အလှန်ဆက်သွယ်တာ များပါတယ်။ ကျွန်တော်နဲ့ chatting ပြောဖူးတဲ့သူ တကယ်တော့ လက်တဖက်စာလောက်သာ ရှိပါတယ်။ စာရေးအားကောင်းပြီး အတွေးချင်းတူတဲ့ ကျွန်တော်လေးစားတဲ့ blogger သူငယ်ချင်းတွေကို လိုက် chatမယ်။blogကနေတဆင့်ခင်ပေမယ့် တခါမှမပြောဖူးသေးတဲ့ သူငယ်ချင်းတွေကို လိုက်ပြီး မိတ်ဆက်မယ်။ စကားတွေပြောမယ်။ (ရွှန်းမှီ၊မဗေဒါ၊ AP၊လားရှိုးသူ၊ မရွှေပြည်၊မေမိုး၊ ကိုမိုးမြင့်တိမ်၊ကိုရင်ညိမ်း၊ မောင်မျိုး၊ ကိုရောင်ဂန်း၊ Black Dream၊ကစိုးထက်..စတဲ့ သူငယ်ချင်းတွေကိုတော့ chatting မ၀င်ဘူး။ နောက်ဆုံးနေ့ ကျော်သွားပြီးတဲ့ နောက်ရက်မှ တအိမ်တက်တအိမ်ဆင်း ကိုယ်တင်ပြပြီး လိုက်နှုတ်ဆက်မယ်။ ဟီ...ဟိ.... လိပ်စာတွေ ပေးထားကြနော်.... အိမ်ပြောင်း မပြေးကြနဲ့အုံးဗျ။...ဟားးးး ဟားးးး :P)

မသေခင်(၆)ရက်အလို
စစ်ကိုင်းမြို့မှာနေတဲ့ အမေ့ဖက်က အမျိုးတွေ ဦးလေး၊အဒေါ်တွေကို လိုက်နှုတ်ဆက်မယ်။ ကိုယ့်ကို သူတို့က ငယ်ငယ်လေးကတည်း ထိန်းခဲ့ကြတာလေ။ စီးပွားရေးလုပ်တော့လည်း လိုအပ်တဲ့အရင်းအနှီး ငွေလိုတိုင်း တချို့ကို အဒေါ်က ထုတ်ချေးခဲ့တဲ့ ကျေးဇူးတွေရှိတယ်။ ရာသက်ပန်ဘုန်းကြီးဝတ်သွားတဲ့ အမေ့မောင် အငယ်ဆုံး ဦးလေးကိုလည်း သူကျောင်းထိုင်လုပ်နေတဲ့ ဘုန်းကြီးကျောင်း အရောက် စစ်ကိုင်းတောင်ပေါ်က ဓမ္မပီတိချောင် ကိုသွားလည်မယ်။ ပရိတ်ကြီး(၁၁)သုတ်ကို ဘုန်းကြီးပျော်သွားအောင် အလွတ်ရွတ်ပြမယ်။ ဘုန်းကြီးက စစ်ကိုင်းတောင်ပေါ်က ဘုန်းကြီးကျောင်းတွေကို အဓိဋ္ဌာန်နဲ့ ကုဋီ(အိမ်သာ) ဆေးတဲ့အလုပ်၊ ရေမရှိတဲ့ကန်တွေမှာ ရေထမ်းပြီး ဖြည့်တဲ့အလုပ်၊ ငွေကြေးမတတ်နိုင်သူတွေကို ပညာပါရမီဖြည့်တဲ့အလုပ် လုပ်နေတဲ့သူဗျ။ ဘယ်လောက်ဖျားဖျား ဆွမ်းခံစားသူပါ။ ကျွန်တော့်ကို ဒုလ္လပတ်ကိုရင်ဝတ်တုန်းက ၀ိနည်းကို အတိအကျလိုက်နာစေခဲ့သူ၊ ၀ိပဿနာရှုနည်း အခြေခံကိုလည်း သင်ပေးခဲ့သူ၊ ပရိတ်ကြီး(၁၁)သုတ်ကို နှုတ်တိုက် အာဂုံဆောင်စေသူပါ။ ကျွန်တော်က အရမ်းတော်တဲ့ တူတော်မောင်ပါ။ လူထွက်တော့ ပရိတ်ကြီး(၁၁)သုတ်ကို ဘုန်းကြီးကျောင်းပြန်ပို့လိုက်ပါတယ်။:P

မသေခင်(၅)ရက်အလို
ဒီနေ့တော့ စိတ်ကူးပေါက်တဲ့ဆိုင်တွေပတ်ပြီး စားချင်တာစားမယ်။ "မန္တလေးသားအစား"ဆိုတာ ကြားဖူးတယ်ဟုတ်..... ၂၈လမ်းက ၀မ်းရွှေခေါက်ဆွဲ၊ ၃၄လမ်းက ရွှေမူဆယ်ဆိုင်က အမဲလုံးခေါက်ဆွဲ၊ ဗထူးကွင်းမြီးရှည်၊ လမ်း၄၀က ဒေါ်သန်းမြမုန့်တီ၊ ဦးဖိုးသာ ညဈေးတန်းက မြေအိုးမြီးရှည်၊ ၁၆ကျောင်းရှေ့က ၀က်သားတုတ်ထိုး၊ BBBစားသောက်ဆိုင်က CHICKEN BBQ၊ ကုန်းထက်စားသောက်ဆိုင်က ကြက်ဆီထမင်း၊ ရွှေခိုင်အကင်ဆိုင်က ကြက်ခြေထောက်စွတ်ပြုတ်၊ငါးကင်၊ရုန်းပတီသီးကင်၊ နန်းရှေ့မီးသတ်ရှေ့က မုန့်ဟင်းခါး၊ ၂၇လမ်းx၈၁လမ်းဒေါင့် ချစ်တီးဘုရားကျောင်းဘေးက ကျောင်းနေဖက် ငယ်သူငယ်ချင်း နွယ်နီဝင်းတို့ ရောင်းတဲ့ မုန့်ရေပါး(မုန့်ပျားသလက်)၊ မန်းမြို့တော် ပေါက်ဆီ၊၀က်သားပေါင်း၊ မင်းကွန်း ခိုတောင်ရွာကနေ ခေါင်းရွက်ဗျက်ထိုးလာရောင်းတဲ့ ခိုတောင်မုန့်တီ၊ မဟာမုနိဘုရားကြီး ကျောက်ဆစ်တန်းဖက်ကလာတဲ့ ကျိတ်မုန့်၊ငှက်ပျောထုပ်၊မုန့်ဦးနှောက်၊ ဘဏ်(၁)ရှေ့က မလိုင်လုံး၊ လမ်း(၈၀)ဒေါ်ရွှေ ကြက်ပေါင်း၊ဆန်ပြားသုတ်၊ ၆၈လမ်း ဆရာအတတ်သင်သိပ္ပံနားက မာလာဟင်း၊Oriential Houseက DimSum၊ ၃၈လမ်းက ဘယာကြော်နဲ့ ကောက်ညှင်းပေါင်း၊ ဘော်ဒါတွေစုပြီး ရွှေဘဲမှာ စကားလေး တပြောပြောနဲ့ ညစာတ၀ိုင်းလွေးချင်သေးတယ်။ ယမမင်း ရွှန်းမှီကို ဒီစားစရာလေးတွေနဲ့မျှား လာဒ်ထိုးပြီး ရက်တိုးတောင်းအုံးမှ.....:D ဒါတောင် စားစရာတွေ ကျန်သေးတယ်။ ဦးပိန်တံတားအောက်က ငါးကြော်တို့ ဘာတို့ အချိန်မရလို့ သေချာ မစဉ်းစားလိုက်ရဘူး။:P

မသေခင်(၄)ရက်အလို
ကျွန်တော်သွားလည်နေကြ၊ လှူနေကြ ဧရိပ်မွန်အမျိုးသမီး မိဘမဲ့ကျောင်းကို သွားပြီး ကျောင်းစတင်တည်ထောင်သူ သီလရှင်ကြီးအမေမကို သွားကန်တော့အုံးမယ်။ ကျောင်းမှာ ဘာတွေလိုနေ လဲမသိ။ ငယ်ငယ်ကတည်းက လှူချင်ရင်ဒီကျောင်းကို လာလှူနေကြပါ။ နဂိုကတည်းက ကျွန်တော်ဟာ ဘုရားမှာ၊ နာမည်ကြီး ဘုန်းကြီးကျောင်းတွေမှာ လှူခဲပါတယ် ။ အခုတော့ ဒေါ်......တို့ အမျိုးသမီးရေးရာက ကျောင်းကို အပိုင်စီးဝင်ရောက်ချယ်လှယ် ဂုတ်သွေးစုပ်နေရောပေါ့။ အမေမက အသက်အရမ်းကြီးပြီလေ.... သတိလဲ မကောင်းတော့ဘူး။ အဆက်အသွယ်ပြတ်နေတော့ အသက်ရှိသေးလားတောင် မသိတော့ဘူး။ ဒီဧရိပ်မွန် မိဘမဲ့ အမျိုးသမီးကျောင်းလေးကို သီလရှင်ကြီးအမေမတို့ ညီအမနှစ်ယောက်က စတင်တည်ထောင်ခဲ့တာပါ။ ကွယ်လွန်သွားတဲ့ မိဘတွေဆီက ရတဲ့အမွေတွေကို ထုခွဲရောင်းချပြီး သီလရှင်ဝတ် ကိုယ်ပိုင်ကျောင်းလေးထောင်ဖို့ ပျဉ်းမနားမြို့ကနေ မန္တလေးကိုပြောင်းပြီး ဒီကျောင်း မြေနေရာလေးကို ၀ယ် ခဲ့တာပါ။ ကလေးထိန်းခြင်းကိုလဲဝါသနာပါ၊ မိဘမဲ့ကလေးတွေဘ၀ ပရမ်းပတာမဖြစ်အောင် မွေးစားပြီးပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်ကလဲတွန်းပို့တာနဲ့ မိဘမဲ့အမျိုးသမီးကျောင်းလေး ဧရိပ်မွန်စတင် သန္ဓေတည်ခဲ့ပါတယ်။ ၀ါသနာနဲ့ဆန္ဒကြောင့် မိဘမဲ့ကလေးတွေကို ခေါ်ယူမွေးစားခဲ့ပေမယ့် ဒီကလေးတွေ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ရတာ မလွယ်ကူပါဘူး။ အဓိကပြဿနာက ငွေမရှိခြင်းနဲ့ အမျိုးသမီးလေးတွေကို အယုံသွင်းအချောင်ဖျက်စီးချင်တဲ့ သားစားကျားအန္တရာယ်ပါဗျာ။ ကလေးတွေကို နေ့တဓူဝ ထမင်းကျွေးရတဲ့စားရိတ်က မသေးဖူးဗျ။ ကျွေးစရာမရှိလို့ ဆန်ပြုတ်တိုက်ပြီး ကျောင်းလွှတ်ခဲ့ရတဲ့ရက်တွေ၊ ရေသောက်နေရတဲ့ရက်တွေ ကိုလည်းဖြတ်သန်းခဲ့ရပါသေးတယ်။ ဆွန်းဆန်စိမ်းခံလို့ ရလာတဲ့ ဆန်တွေကိုစုပေါင်းပြီး ယာဂုကြိုပြီး နေ့စဉ်တိုက်ခဲ့ရတယ်။ အလှူခံလို့ရတဲ့ ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင်စုပြီး ဟင်းရွက်ကုန်းစိမ်းရောင်းတဲ့ ဈေးချို ကိုင်းတန်းဈေးကို ဈေးပေါင်ကျိုးချိန် နေ့လည်(၁၁)၊(၁၂)နာရီလောက်မှသွားပြီး ဈေးသည်တွေ ရောင်းလို့မရတဲ့ ဟင်းရွက်၊ကန်စွန်းရွက်အကျန်တွေ ၀ယ်သင့်တာဝယ်၊ အလှူခံသင့်တာခံပြီး ရလာတဲ့ ဟာတွေကို ၄မိုင်မကဝေးတဲ့ နန်းတော်ရှေ့ကို ဘတ်(စ်)ကားခ မတတ်နိုင်လို့ အသွားအပြန် ကျုံးဘေးတလျှောက် မနိုင်မနင်း ထမ်းသင့်တာထမ်း ရွက်သင့်တာရွက်ပြီး ပြန်ခဲ့ရတဲ့ရက်တွေ မရေမတွက်နိုင်အောင်ပါပဲ။ အခြား ပြဿနာအတတ်ဆုံးက ကျောင်းစားရိတ်ပါ။ စာသင်တာ ပါးစပ်နဲ့သင်ပေမယ့် အားလုံးမှတ်မိဖို့ရာ ဗလာစာအုပ်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ လိုအပ်ပါတယ်။

အဲဒီအတွက် ကလေးတွေက ကျောင်းပိတ်ရက်မှာ အခကြေးငွေယူပြီး လွယ်အိတ်ယက်၊ ဇာထိုး၊ပန်းထိုး၊ရွှေချည်ထိုး ဘုန်းကြီးကျောင်းတွေက အလှူပွဲတွေအတွက် ထမင်းဟင်းချက်၊ လိုအပ်တဲ့စာအုပ်၊ခဲတံ၊ပေတံ အတွက်ကို အရပ်တကာလှည့် သူများတွေ အတန်းကြီးတက်ရမှာမို့ အသုံးမလိုတော့တဲ့ ကျောင်းစာအုပ်တွေကို အမေမတို့ ညီအမ အပြောခံ၊အဆိုခံ၊အထင်သေးခံပြီး အလှူခံခဲ့ကြတာပါ။ဝါသနာ၊စေတနာကြောင့်သာ ဒီဒုက္ခတွေ ခါးစီးခံနိုင်တာပါ။ ဒီကြားထဲ မသမာသူတွေကြောင့် ကျွေးမွေးထားတဲ့ကလေးတွေ စာရိတ္တမပျက်စီးအောင်၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းအောင် စည်းကမ်းနဲ့တမျိုး၊ ချော့တခါ ချောက်တလှည့်တဖုံ နည်းပေါင်းစုံအောင်ထိန်းခဲ့ကြရတာပါ။ အခုသူတို့ ဘာတွေလိုအပ်နေလဲ မသိတော့ပြီ။ လိုအပ်ရင်တော့ ကိုယ်တတ်နိုင်တာဆို လှူရအုံးမယ်။

မသေခင်(၃)ရက်အလို
မန္တလေးမြို့ရဲ့ မြောက်ဖက် မတ္တရာမြို့နယ်အပိုင် ရေနံ့သာရွာကို ရွေှ့ပြောင်းသွားတဲ့ အနာကြီးရောဂါကုသရေး ဆေးရုံကိုလဲ သွားချင်သေးတယ်။ လှူချင်သေးတယ်။ သူ့တို့တွေက ရုပ်ဆင်းအင်္ဂါပျက်ယွင်းသွားတဲ့ သူတွေဆိုတော့ လူ့အသိုင်းအ၀ိုင်းက သူတို့ကို ရက်ရက်စက်စက် ဖယ်ကျဉ်ထားကြတယ်။ သူတို့မှာ စီးပွားရေးလည်းလုပ်လို့မရ၊ လူမှုရေးမှာလဲ လူရာမ၀င်၊ အသိုင်းအ၀ိုင်း ကျဉ်းကျဉ်းလေးထဲမှာ အထီးကျန်ဆန်စွာ နောက်ဆုံးရက်များကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေရတဲ့သူတွေပါ။ ကျွန်တော် မြန်မာပြည်က ထွက်မလာခင် နောက်ဆုံးတခေါက် သွားလည်တော့ သူတို့တွေ ၀မ်းသာကြရှာတယ်။ လက်ထောက်ဆေးရုံအုပ်က ဒေါ်..... ကို ပါးစပ်ဖျားမှာတင် နာမည်မေ့နေလို့ ခွင့်လွှတ်ကြပါဗျာ။ သူဟာ တကယ်တော့ အညတရ သူရဲကောင်းပါဗျာ။ ကျွန်တော့်ထက် ၅နှစ်လောက်ပဲ အသက်ကြီးတာပါ။ ရုပ်ရည်ကချစ်စရာကောင်းသလို စိတ်ထားဖြူစင်တာ မျက်နှာမှာ ပေါ်လွင်နေလို့ အရမ်းကျက်သရေရှိတဲ့ သူပါ။ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်တယောက် ဖြစ်ပါတယ်။ အနာကြီးရောဂါသည်တွေကို ကုသရတဲ့ဆရာဝန်ဆိုတော့ သူ့မှာ အသပြာဘယ်ရှိမလဲဗျာ။ လူနာတွေထဲက သစ်နဲ့ အရက်ချက်လုပ်ငန်း လုပ်ကိုင်စားသောက်သူ ရောဂါရှင် လူနည်းစုလောက်သာ အနည်းအပါး ပိုက်ဆံရှိတာပါ။ ဒီဆရာဝန်မလေးက စာတော်သူ၊စာဖတ်အားကောင်းသူ တယောက်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ၀င်ငွေကောင်းတဲ့ ခွဲစိတ်ကုဆရာဝန် ဖြစ်နိုင်ရဲ့သားနဲ့ သူ့ဘ၀ အနာဂတ်ကို ဒီလူနာတွေကြားမှာ မြှုပ်နှံထားသူပါ။ နိုင်ငံတော်အစိုးရကလဲ ပက်ပက်စက်စက် ဆေးဝါးတွေ ထောက်ပံ့လိုက်တာ ဆေးရုံတခုလုံး ဘာဆေးဝါးမှာ မရှိပါဘူး။ ဆေးရုံနဲ့လူနာတွေ၊ သူတို့သားသမီးတွေတက်တဲ့ ရွာက အလယ်တန်းကျောင်းကို ပုံမှန် ထောက်ပံ့သူဆိုလို့ ၂၆လမ်း၊၈၁x၈၂ကြား မှာနေတဲ့ ကိုတင်ဝင်း(၀င်းစာရိုက်၊စာကူး)နှင့် ကျွန်တော်ပဲ ရှိတာပါ။ တခါတရံမှ ဦးချစ်စံဝင်း(စာရေးဆရာ)တို့ ရောက်လာတာပါ။ အခုတော့ သူတို့တွေ ဘယ်လိုရှင်သန်ရပ်တည်နေကြလဲ မသိဘူး။ သူတို့နဲ့ကျွန်တော် အမှတ်တရ ရိုက်ထားတဲ့ပုံတွေ မြန်မာပြည်မာကျန်ခဲ့လို့ တွဲတင်မပေးနိုင်ဘူး ဖြစ်နေတယ်ဗျာ။ နောင်များ မသေသေးဘူးဆိုရင်တော့ အားလုံးကို ပြမယ်နော့်.......ဟေးးးးးး ဟေးးးးး


မသေခင်(၂)ရက်အလို
ဒီနေ့တော့အကယ်ဒမီရှော့ Love seen လေးပေါ့ဗျာ။ ကျွန်တော် တပုဒ်လောက်တော့ ငိုပါရစေ...ဟားးးဟားးးးးး ဟိုတချိန်က တယောက်သောသူကိုတော့ နောက်ဆုံးအနေ့နဲ့ တွေ့ချင်မြင်ချင်ပါတယ်။ တချိန်က ကျွန်တော်လုပ်မိခဲ့၊ ပြုမိခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပါလို့ မတောင်းဆိုချင်ပေမယ့် တောင်းပန်ချင်ပါတယ်။ ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ဟိုးးးးးအဝေးက သူ့မျက်နှာလေးကိုလည်း သူမသိတဲ့နေရာလေး တနေရာရာကနေ တနေကုန် တ၀ကြီး ငေးကြည့်ခွင့်ရရင် ငေးကြည့်ချင်ပါသေးတယ်။ ရင်ထဲမှာတော့ တချိန်က ပွေခဲ့၊ရှုပ်ခဲ့တဲ့ ကျွန်တော် မပွေတော့ မရှုပ်တော့ပါဘူးလို့ အကြိမ်ကြိမ် အထပ်ထပ် ပြောပြနေမှာ အသေအချာပါ။

မသေခင်(၁)ရက်အလို
ကျွန်တော်သွားနေကျ ဖူးနေကျ ဘုရားဖြစ်တဲ့ မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကို မနက်အိပ်ယာက နိုးနိုးချင်း မျက်နှာသစ်တော်ရေ အမှီဖူးချင်တယ်။ ပြီးရင် မန္တလေးကမ်းနားလမ်း တလျှောက် ဆိုင်ကယ် လျှောက်စီးရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို တွေးချင်တယ်။ ပြန်လာရင် ၃၁လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာ ထိုင်ချင်သေးတယ်။ နေ့လည်ရောက်ရင် ၂၄လမ်းက သမိုင်းဝင် ရွှေကျီးမြင်ဘုရားမှာ ၀ိပဿနာသွားရှုမယ်။ အဲဒီဘုရားက ကျောင်းပိတ်ရက် နေ့လည်တွေဆို တရားထိုင်လို့ အရမ်းကောင်းတယ်။ ပရ၀ုဏ်တခုလုံး ငှက်သံ၊ဆည်းလည်းသံတွေကလွဲရင် ဘာမှမကြားရဘူး။ အရမ်းငြိမ်းချမ်းတာပဲ။ ညနေစောင်းရင်တော့ ဆိုင်ကယ်စီးပြီး မန္တလေးတောင်ပေါ်တက်မယ်။ ညနေဆည်းဆာ နေ၀င်ရီတရောအလှကို မန္တလေးမြို့ကြီးနဲ့ ဧရာဝတီမြစ်ကြီးကိုငေးရင်း တ၀ကြီး စံစားခံစားသွားမယ်။ ညရောက်ရင်တော့ အောင်တော်မူရပ်က အောင်တော်မူဘုရားကို တောင်ဖက်မုဒ်ကနေ ၀င်ပြီးဖူးမယ်။ ရွှေဆိုင်းကပ်မယ်။ ဆုတောင်းတာ ၀ါသနာမပါလို့ ဘာဆုမှတော့ တောင်းမှာမဟုတ်ဘူး။

ဘ၀၏နောက်ဆုံးနေ့
မောင်နှမ(၉)ယောက်ရှိလို့ သူတို့ကမွေးတဲ့ တူ၊တူမ(၂၀)ရှိတယ်။ အားလုံးက ကျွန်တော့်လက်ပေါ်မှာ ကြီးကြတာ။ အကို (၂)ယောက်ထက် အငယ်ဆုံးဦးလေး ကျွန်တော့်ကို ပိုချစ်ကြတယ်။ ချစ်မှာပေါ့ ဒီဦးလေးက အကုန်လုံးကို အလိုလိုက်တာကိုးဗျ။ အင်းပြောသာပြောရတယ် တူတွေ၊တူမတွေလည်း အရွယ်ရောက်ကုန်ကြလို့ ကျွန်တော့်အနား အရင်လို ကပ်ကြပါအုံးမလား မသိတော့ပြီ။သူတို့နဲ့ ပျော်ပျော်ပါးပါး မော်တော်ကားစီးသွားပြီး ကျွန်တော့်ရဲ့ တောင်ပေါ်ခြံလေးကို အပန်းဖြေသွားမယ်။ ကျွန်တော်နေခဲ့တဲ့အိမ်လေးမှာ တရေးတမောအိပ်ပြီး တောင်ကျချောင်းရေ တသွင်သွင်စီးနေတဲ့အသံလေးကို နားထောင်ချင်သေးတယ်။ နိုးလာရင် ခြံမှာပေါက်၊ခြံမှာကြီးတဲ့ ကျွန်တော့်အသဲကျော် ကျွဲလေးနဲ့ ခွေးလေးက ဇွတ်တိုးပြီး မြူနေဆော့နေမှာ သေချာတယ်။ ချောင်းထဲရေဆင်းချိုးရင်လည်း ငါးလေးတွေက ခြေထောက်ကို လာတွတ်ကြမှာ ပျော်စရာပါ။ ညပိုင်း ကလေးတွေနဲ့ မန္တလေးပြန်ရောက်ရင် ထုံးစံအတိုင်း ကျုံးဘေးပတ်လည်က ခုံတန်းလေးတွေမှာ ပိုင်ရှင်ကိုယ်စီနဲ့ သီးသန့်ကမ္ဘာလေး တည်ဆောက်နေကြမဲ့ အတွဲတွေကို ဘရုတ်သုတ်ခ ကလေးတွေကို အော်ခိုင်းပြီး လျှောက်စမယ်။ အင်းးးးးးးး အိပ်ယာဝင်ရင်တော့ လောကကြီးမှာ နေခွင့်ရှိသလောက် နေခဲ့ရတာ ကျေနပ်စရာပါ။ ပျော်စရာ ရွှင်စရာ၊ လွမ်းစရာ ဆွေးစရာ၊ ဘ၀အစုံစုံ ဇာတ်ခုံအဖုံဖုံ ပြောင်းကခဲ့တဲ့ ကျွန်တော် ဘာရလာဒ်တွေဘဲရရ ဘာအဖြေတွေပဲထွက်ထွက် အားလုံးကို နေတတ်ကျေနပ်ပါတယ် ဆိုတဲ့အကြောင်း ကြေငြာမောင်းခတ်ရင်း အားလုံးကို ထားခဲ့ရတော့မယ်။


ကျွန်တော့်ရဲ့အိမ်အလွမ်း ဝေဒနာပါရောမွှေ ဖောက်ထုတ်လိုက်တာပါ။ လာဖတ်သူ၊ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတချို့ကို Tag ချင်ပေမယ့် ကြိုက်မယ်၊မကြိုက်ဖူး မသေချာတာမို့ ........

12 comments:

ရွှန်းမီ said...

အခုတော့ မထားခဲ့ပါနဲ့ဦး.. ပြန်လာဦးနော်..။
သဘောကောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ဘ၀ခရီးမှာ အစစ အဆင်ပြေပါစေ။
ညီလေးညီမလေးတွေကို အားပေးနိုင်ပါစေ =)

May Moe said...

အဲ မchat ဘူးဆိုလို့ စိတ်ဆိုးတော့မလို့ ဆက်လည်းဖတ်ရော အမယ်လေး မနောက်ပါနဲ့ ဦးလေးရယ် :P
မီ ပြောသလိုပဲ အခုတော့ မထားခဲ့ပါနဲ့ဦး.. ပြန်လာဦးနော်.
အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေ ။

My Wonderful Moral Thoughts said...

ဘ၀၏ နောက်ဆုံးရက်များ ၃ပိုင်းစလုံး သေချာ အချိန်ပေး ဖတ်သွားတယ်။

နောက်ဆုံးပိုင်းမှ Comment ရေးမယ်ဆိုပြီး တွေးထားလို့ အခုရေးပြီ။

ဖတ်ပြီး ဝမ်းနဲသလို ခံစားမိတယ်။ အတွေးတွေ၊ Plansတွေ ကောင်းပါတယ်။

ပျော်ရွှင်စွာဆက် Blogging နိုင်ပါစေ။

All the best.
SMNTL

လူလ said...

မင်္ဂလာပါ ကိုဟ
အသက်တော့ ရှိသေးတယ် ဟုတ်။ ကျွန်နော် စိဗောက်မှာ အိမ်ရှင်တို့ အိမ်ရှင်တို့ လာအော်သွားတာ လန့်တောင်ုလန့်သွားတယ်။ ပြုခဲ့တဲ့ ရှိသမျှ ကုသိုလ်လေးတွေကို ပြန်စဉ်းစားပြီး အမျှ အမျှ အမျှ လို့ ပေးလိုက်ရတယ်။ ရောက်ရာ ဘ၀ကပဲ သာဓု ခေါ်ပေါ့ဗျ.. သာဓုအနုမောဒန ပြုတတ်ရင် ပြိတ္တာ ဘ၀ကတောင် ကျွုတ်လွတ်တယ် ဆိုပဲ..
အမျှ အမျှ အမျှ ... ကိုဟရေ
နောက်တာ ဟဲဟဲ
ရွှင်လန်းချမ်းမြေ့ပါစေ...

SMNTL said...

လူလ Comment ဖတ်ပြီး အော်ရီပြစ်လိုက်တယ်။

ရီလိုက်ရတာ။ ဟား ဟား ဟား

:))
SMNTL

မိုးမြင့်တိမ် said...

ပြတိုက်ရှင်ကြီး မနောက်နဲ့ဗျာ ကျွန်တော်ကြောက်တတ်တာ သိရဲ့သားနဲ့။ ကျန်းမာအောင်ဂရုစိုက်နေနော်(ဟီးဟီး လာမှာဆိုးလို့)။ ပါဠိလို အိမ်သာကို ကုဋီလို့ခေါ်တယ်ထင်တယ်။ ပြတိုက်ရှင်ကြီးရေ ကျွန်တော့်ဆီကို လာမလည်နဲ့နော် မရွှန်းမီနဲ့ မရွှေပြည်သှူဆီသာသွားလိုက်ပါနော်။(ဟီးဟီးသူတို့ သိရင်တော့ သမခံရတော့မယ်နဲ့တူတယ် သွားမပြောနဲ့နော်)။ပြတိုက်ရှင်ကြီးရဲ့ အတွေးလေးတွေက တော်တော်ကောင်းပါတယ်။လုပ်မယ်စဉ်းစားထားတာတွေက ဒေါင့်ကို စိနေတာဘဲ။ အခုတော့ မသွားနဲ့နော်။ ပြတိုက်ရှင်ရဲ့ စာတွေဖတ်ချင်သေးတယ်။ဆက်ရေးပေးပါဦး။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

မသက်ဇင် said...

မသေခင်နောက်ဆုံးရက်အတွက် အချစ်တွေ နဲ့ အလွမ်းအဆွေးတွေ တွေ့ ရတော့မယ်ဆိုပြီး
အပြေးအလွှား လာခဲ့တာ ----လောလောဆယ်
မန္တလေးအစားအစာတွေ သွားရည်တမြားမြား
ကျမတတ် စားချင်လွန်းလာတယ် အဖိုးက
မန္တလေးသားဆိုတော့ ကိုဟပ် ပြောတဲ့ ဆိုင်
တွေကို အားလုံးနီးပါးစားဘူးတယ်လေ။
ခုတော့ ကိုဟပ်ရေ ---- အိမ်မက်ထဲမှာပဲ စား
တော့မယ်။

Apprenticeship said...

Heart Gyi yae.. လူပျိုသိုးကြီးနဲ့ပဲ အရိုးထုပ်တော့မှာပေါ့... :D :P

Heartmuseum said...

ရွှန်းနဲ့ ဒေါ်မိုး ဘယ့်နှယ့် လူကို မဦးမချွတ်
ငယ်သေးတယ် သွားကိုမသွားရသေးပါဘူး။ ဟီ...ဟိ
ရက်စက်ပါ့ ဆရာလလူရယ် ...လူကို ပြိတ္တာတဲ့..ဟားးးးဟားးး လုပ်ချလိုက်ပြန်ပြီ။
SMNTL ကလဲ ၀င်လက်ခုတ်တီးသွားသေးတယ်။ အေးပါ...အေးပါ....အမျှဝေဖို့ မမေ့နဲ့အုံး... ဒီနေ့ ဘာဟင်းချက်လဲ..ဟီ...ဟိ....ငါ့ကိုမျှအုံး...
ကမိုးမြင့်ကြီး ကျေးဇူးနော့်။ ကုဋီ ကို ဘယ်လိုစာလုံးပေါင်း ရမှန်း မသိတော့လို့ ရွာလည်နေတာဗျ......
အမသက်ဇင်ရေ... ကျွန်တော်တော့ အခုထိ တွေးပြီး သွားရေကျနေတုန်း...ဟီ...ဟိ
AP.... အမြင်မတော်ရင် ငါ့လို အသက်ငယ်ငယ် ချောချော ၁၈နှစ်လေး... ၂ယောက်လောက်...:P

May Moe said...

ပြောတော့ "ကျွန်တော် မပွေတော့ မရှုပ်တော့ပါဘူး" တဲ့ အခုတော့ ရရင် ၂ယောက် လောက်ဆိုပဲ။ ဒါကြောင့် လူပြိုအသိုးဂျီးဖြစ်နေတာ :P

ရွှေပြည်သူ said...

ကိုအညတရရေ... (၃)ပိုင်းပိုင်းပြီး ဖတ်ရတာ တကယ်ကိုတန်ပါတယ်။ အနှစ်သာရအပြည့်နဲ့ ရေးသွားတာ ဖတ်တဲ့သူမှာ တခါတလေ အားကျလိုက်၊ တခါတလေ စိတ်မကောင်းလိုက်၊ တခါတလေ လေးစားလိုက်၊ တခါတလေ ခံစားလိုက်နဲ့ တကယ်ကို မျောပါသွားတာပါပဲ။ ပြန်ရေးစရာ ဘ၀အတွေ့အကြုံတွေများသလို စိတ်ဝင်စားဖို့ကောင်းတဲ့ အရေးအသားနဲ့ ဆွဲခေါ်သွားပါတယ်။ ကိုအညတရရဲ့ ပို့စ်တွေထဲက အကြိုက်ဆုံးတွေထဲမှာ ဒီ(၃)ပိုင်းတိုးသွားပြန်ပါပြီ။ စကားမစပ် အပိုင်း(၃)တပတ်အလိုမှာတော့ မျက်လုံးပြူးသွားပါတယ်း)) နောက်တာပါ... ကိုအညတရ လာနှုတ်ဆက်မယ်ဆို ရပါတယ်။ အဲဒီအခါကျမှ ဖတ်ရတာ အရမ်းသဘောကျတဲ့ တောင်ပေါ်ခြံလေးအကြောင်း မေးရဦးမယ်။ အမေးအမြန်းထူနေတုန်း တနေကုန်တ၀ကြီး မျက်နှာလေး သွားငေးပါရစေဆိုလည်း မရဘူးနော်။း)) ဒါလည်း နောက်တာပါ။ တော်ကြာလာတောင် နှုတ်မဆက်တော့ဘဲ နေဦးမယ်...။ အတည်ပြောတော့မယ် ကိုအညတရရေ... ။ စာကိုဖတ်အပြီးမှာ တခြားစာတွေကနေ ကျွန်မသိထားတဲ့ ကိုအညတရက ပိုရုပ်လုံးပေါ်လာပါတယ်။ အဲဒီအခါမှာ ပိုလေးစားမိပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ ကိုအညတရရေ...

မောင်မျိုး said...

မိန်းမ ယူဖို့ လည်းမပါဘူး နောက်ဆုံးတော့ ငှက်ပျော်တုံးကြီးနဲ့း) လိပ်စာပေးထားမယ် လာခဲ့နော့်................