အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, September 12, 2008

ဘ၀၏ နောက်ဆုံးနေ့များ ( ၂ )

တီးလိုက်ကြတဲ့ သံပုံးတွေ... ခြံထဲက အလုပ်သမားတွေကတီး၊ ရွာထဲက အိမ်တွေကတီးနဲ့ တညလုံးတီး အသားကုန်တီးပြီး မိုးလင်းခါနီးမှ ရပ်သွားကြတာဗျ။ ကြည့်ရတာ တခြားအိမ်က တီးနေတုန်း ကိုယ့်အိမ်က မတီးရင် မကောင်းဆိုးဝါးက ကိုယ့်အိမ်ရောက်လာမှာ ကြောက်ကြတယ်ထင်ပါ့ဗျာ။ ကိုယ့်နားပတ်ပတ်လည် ကနေတီးနေတဲ့ သံပုံးထုသံတွေကို နားထောင်ရင်း သရဲ၊တစ္တေ မပြောနဲ့ ကျွန်တော်တောင်ပြေးချင်လာတယ်။ အရမ်းကို ဆူညံနေတော့ ဘယ်လိုမှ နားမခံနိုင်ဘူးလေဗျာ။ ဒီကြားထဲ တရွာလုံးရှိသမျှခွေးတွေ၊ ခြံဘေးကခွေးတွေကလဲ နားမခံနိုင်လို့ထင်ပါ့ အသားကုန် အူကြတော့တာပဲဗျို့။ စဉ်းစားသာ ကြည့်ကြပေတော့ အရပ်ကတို့ရေ..... မကောင်းဆိုးဝါးတွေ သံပုံးတီးလို့ ပြေးကြစတမ်းဆိုရင် ကျွန်တော်နေတဲ့ကျွန်းကို ပြေးလာပြီး ခိုအောင်းနေကြမှာ အသေအချာပေါ့ဗျာ။ ကျွန်တော်က သံပုံးမှမတီးတာကိုးဗျ။

ကိုယ့်ပတ်ပတ်လည် အိမ်ခြေ(၁၀၀၀)ကျော်က တီးတဲ့သံပုံးသံတွေကြားပြီး ကျွန်တော်မှာ တယောက်ထဲ ရင်တွေအရမ်းကို တုန်နေတာပဲဗျာ။ ကောင်မလေးနဲ့တွေ့တုန်းက ရင်တုန်တာနဲ့ မတူဘူးဗျ။ ဒီအရသာက တမျိုးကြီးဗျ။ နှလုံးခုန်သံတွေလဲ မြန်မှမြန်ဗျို့ ကိုယ့်နှလုံးခုန်သံကိုယ်ပြန်ကြားနေရတယ် မှတ်တာပဲ။ အိမ် နဲ့မနီးမဝေးက ညောင်ပင်ကြီးကလည်း အဲဒီညကျမှ တိုက်လိုက်တဲ့လေဗျာ ...တရှဲရှဲနဲ့ ဒီကြားထဲ ချမ်းလိုက်တာဗျာ... ကြက်သီးမွှေးတွေကို ထထသွားတယ်။ စောင်ဘယ်လိုခြုံခြုံ လေတိုက်တော့ မလုံဘူးဖြစ်နေတယ်။ ဘယ်လိုမှ မနေနိုင်တာနဲ့ နောက်ဆုံးမတော့ ကျွန်တော်လည်း မီးပုံမီးမွှေးပြီး အနားမှာသွားထိုင်ပြီး စာဖတ်ဖို့ပြင်ပေမယ့် သံပုံးတီးသံတွေကြောင့် အာရုံနောက်ပြီး ဘယ်လိုမှ စိတ်မပါဘူးဖြစ်နေတယ်။ အဲဒါနဲ့ မီးပုံဘေးမှာ စောင်လေးခြုံ အသာလေးမှေးရင်း လူတွေ ဘာလို့သေမှာ အရမ်းကြောက်နေကြတာလဲလို့ တွေးရင်း ကိုယ့်ကိုကိုယ်လဲ သေမှာကြောက်လားလို့ မေးမိတယ်။

တကယ်ဆို အဲဒီရက်ပိုင်းက နေ့ခင်းပိုင်းတွေမှာ ရာသီဥတု အရမ်းပူပြင်းပါတယ်။ဒါပေမယ့် ညပိုင်းတွေမှာ မိုးချုပ်တာနဲ့ အေးလာတာပဲဗျ။ ဒါကြောင့် အသက်ကြီးပိုင်း ရောက်နေတဲ့ လူကြီးတွေ အပူအအေး မမျှမှုကြောင့် (၃)ယောက်လောက် ရုတ်တရက် ကွယ်လွန်ကုန်ကြတယ်လို့ ထင်ပါတယ်။ နောက်တယောက်ကတော့ ကလေးလေးပါ။ အရွယ်ငယ်သေးတော့ အပူရှပ်ပြီးဖျားရာက ကိုယ်ပူရှိန်ပြင်းတော့ မဆုံးခင် ကယောင်ကတမ်းတွေ လျှောက်ပြောတယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ရွာဓလေ့ဆိုတော့ ကျွန်တော်လည်း သိတ်ပြီး အာမချောင်ရဲဘူးဗျ။ မေမြို့၊နောင်ချိုမြို့တွေနဲ့ မဝေးလှပေမယ့် ပညာမတတ်သူ၊ ရေးတတ်ဖတ်တတ်ရုံ သာတတ်သူတွေက အများစုဖြစ်ပြီး ကျန်းမာရေးအသိပညာ ရှိဖို့နေနေသာသာ ကျန်းမာရေးမှုးတောင် မရှိတဲ့ရွာပါ။ ရွာမှာဆေးထိုး၊ဆေးကုလုပ်ပြီး ဆရာတဆူလို နေတဲ့သူကို စကားပြောကြည့်တာ ဒေါက်တာရမ်းကု ဖြစ်နေတာကို သိလိုက်ရတယ်ဗျ။ ဆေးပညာနဲ့ပက်သက်လာရင် ကိုယ့်လောက်ကိုမသိဘူးဗျ။ ကြိုက်တဲ့လူနာလာ၊ ဖြစ်ချင်တာဖြစ် ပုလင်းကြီး(ဂလူးကို့စ် အချို၊အငန်) ချိတ်ပေးတာပဲဗျ။

တဆက်ထည်းမှာပဲ ငါသေတော့မယ်ဆိုရင် မသေခင်ဘာတွေ လုပ်ထားမလဲဆိုတဲ့ အတွေးက ဘယ်ကနေဘယ်လို ရောက်လာတယ်မသိ တွေးမိ၊စိတ်ကူးယဉ်မိပါတယ်။ အဲဒီ(၂၂)နှစ်အရွယ် ငယ်ငယ်က သေခါနီး ဘာလုပ်မယ်ဆိုပြီး တွေးထားတဲ့စိတ်ကူးနဲ့ အခု(၃၅)နှစ်အရွယ် သေကာနီး ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးဟာ တချို့နေရာတွေမှာ တူညီပေမယ့် အများစုက တော်တော်ကြီးကို ကွဲလွဲနေတာကို သတိထားမိပါတယ်။ ဟိုတချိန်က အရမ်းကို ထင်ပေါ်ကျော်ကြားချင်တဲ့၊ အရမ်းချမ်းသာချင်တဲ့ ကျွန်တော်ဟာ အခု ပြည့်စုံတဲ့အချိန်မှာ ရိုးရိုးအေးအေးနဲ့ ကုပ်ကုပ်လေးပဲ နေချင်တော့တယ်။ ရုပ်ဝတ္ထုချမ်းသာမှုထက် စိတ်ချမ်းသာမှုကို ရှေးရှုမိတော့တယ်။ ကဲ....ကျွန်တော့်ဘ၀ရဲ့ နောက်ဆုံးနေ့များကို ရေတွက်ပါရစေတော့..........

ကျွန်တော် မသေခင် (၁၀)ရက်အလို.....
သေချာတာကတော့ ကျွန်တော်သေတော့မယ်ဆိုတာကို ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ဖူး။ သေခါနီးလုမမာ ပြောချင်ရာပြော စိတ်မပါလဲ သည်းခံပြီးနားထောင်မယ်။ စားချင်တာလည်း သည်းခံပြီးလုပ်ပေးမယ်၊ လိုက်စားမယ်ဆိုတဲ့ ဂရုစိုက်မှုမျိုးကို ကျွန်တော်မကြိုက်ဖူးဗျ။ ကျွန်တော်သေရင် အင်္ဂလိပ်စကားမတတ်၊ ဘာမတတ်နဲ့ မျက်စိသူငယ်၊ နားသူငယ်နဲ့ ယောင်ချာချာဖြစ်နေမယ့် အဖေနဲ့အမေကို မြန်မာပြည် ပြန်လည်မယ်လို့ညာပြီး လေယာဉ်လက်မှတ်ဝယ် မွေးရပ်မြေအညာကို အပြတ်ယွန်းမယ်။ အဖေနဲ့အမေလဲ မြန်မာပြည်ကို တော်တော်လွမ်းနေတယ်။ ကျွန်တော်နေတဲ့ နိုင်ငံမှာရောက်နေတဲ့ ကျွန်တော်နဲ့ တမြို့ထဲနေ သူငယ်ချင်းကိုလည်း မြန်မာပြည်ကို အတူတူပြန်ဖို့ခေါ်သွားမယ်။ ဟိုရောက်ရင် အဖေ၊အမေနဲ့ ကျွန်တော့်အတွက် သင်္ချိုင်းမှာ မြေ(၃)ကွက်ဝယ်မယ်။ အဖေက သူသေရင်မီးမရှို့ပဲ မြေမြှုပ်ဖို့ သေသေချာချာ မှာထားတယ်။ ကျွန်တော်တို့က မြန်မာပြည်မွေး တရုတ်နွယ်ဝင်တွေဆိုတော့ မီးရှို့တာကို မကြိုက်ဖူးဗျ။ အဖေနဲ့အမေနေဖို့ အိမ်တလုံး ပြန်ဝယ်ပေးခဲ့ရမယ်။ သူတို့နှစ်ယောက် နောင်ရေးအတွက် လက်ထဲရှိတဲ့ ပိုက်ဆံလေးနဲ့ ရွှေဝယ်ပြီး အမေ့လက်ထဲထည့်ပေးခဲ့မယ်။ အဖေက ကိုယ်တပိုင်းလေဖြတ်ထားလို့ သူနာပြုအကူလိုမယ်။ ဒီမှာတော့ အစိုးရကလခပေးတယ်။ မြန်မာပြည်မှာတော့ ကိုယ့်အိတ်ထဲကပေးရမှာ။ ဒါပေမယ့် စေတနာပါပါပြုစုရင်တော့ ကိစ္စမရှိ ပေးပျော်ပါတယ်လေ။ ဒီကိစ္စတွေအားလုံး တရက်ထဲနဲ့ ပြီးပါ့မလားမသိ။ (၁၀)ရက်လုံး ကုန်သွားမယ် ထင်တယ်။.....ဟီ...ဟိ....ရွှန်းရေ ရက်ချိန်းလေး တိုးပေးလို့ရမလားဟင်.....:P

မသေခင် (၉)ရက်အလို.....
ကျွန်တော့်အပေါ် မောင်နှမတွေထက် ပိုကောင်းတဲ့ သူငယ်ချင်းတွေကို တအိမ်တက်ဆင်း လိုက်နှုတ်ဆက်မယ်။ ကျွန်တော့်ကိုမြင်ရင် သူတို့ အရမ်းပျော်ကြမှာသေချာတယ်။ ကျွန်တော် ဒုက္ခတွေ့တိုင်း ဒီသူငယ်ချင်းတွေကပဲ အကြိမ်ကြိမ် ကယ်ခဲ့တာလေ။ သူတို့ကျေးဇူးတွေ ကျွန်တော့်အပေါ်မှာ အများကြီးရှိတယ်ဗျ။ သူတို့ကျေးဇူးတွေ အခုထိ ဘာမှပြန်မဆပ်ရသေးဘူး။ မဟုတ်မခံတတ်တဲ့ကျွန်တော် အမြင်မတော်ရင် ခွေးချင်းကိုက်တာတောင် ရှုံးတဲ့ခွေးဖက်က ၀င်ပြီးခဲနဲ့ထုပြီး ကူတတ်တဲ့ကျွန်တော် ပြဿနာတတ်တိုင်း ၀င်ကူပြီး ရိုက်ပေးတဲ့ သူငယ်ချင်းတွေ၊ ကျွန်တော့်ကို ငွေရေးကြေးရေး အရကော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကော၊ ကိုယ်ဆိုင်ရာ ပိုင်ရာ အာဏာပိုင်တွေဆီ စိတ်ညစ်ခံပြီး အိတ်စိုက်လိုက်ရှင်းပေးတဲ့ ချစ်သူငယ်ချင်းတွေ၊ သူငယ်တန်းကတည်းက ယခုထိပေါင်းခဲ့ခင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက် ကြီးကိုလည်း တွေ့ချင်သေးတယ်။ တွေ့ဖြစ်အောင် သွားတွေ့မယ်။

မသေခင် (၈)ရက်အလို.....
ကျွန်တော် အိမ်နိမ့်စံဘ၀တုန်းက သေဆိုသေ ရှင်ဆိုရှင်ရဲဖော်၊ရဲဖက် နေပူမိုးရွာမရှောင် အတူတွဲ ဆင်းရဲပင်ပန်းခံပြီး ကျွန်တော်နဲ့အတုရုန်းခဲ့ကြတဲ့ ကျွန်တော့်အပေါ် အရမ်းကို သစ္စာရှိခဲ့၊ရိုသေခဲ့ကြတဲ့ ချစ်တပည့်ကျော်တွေဖြစ်တဲ့ အုန်းကျော်၊အောင်မိုး(သူတို့က ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေပါ။ နာဂစ်မုန်တိုင်း မွှေသွားတဲ့ ဧရာဝတီတိုင်းသားတွေပါ။) ၊ကိုမြင့်အောင် ၊ကိုဖိုးဋ္ဌေး၊ ကိုမာဒင် (သူတို့က မြင်းခြံ၊ပခုက္ကူဖက်ကလာတာပါ။)တို့ကို တွေ့ချင်ပါသေးတယ်။ သူတို့တွေ ဘ၀တွေနဲ့ရင်းပြီး ကျွန်တော် စင်ပေါ်ရောက်အောင် ထမ်းတင်ပေးခဲ့ကြတာပါ။ ကျွန်တော် မြန်မာပြည်ပြန်လာရင် သူတို့တွေ ၀မ်းသာကြ ငိုကြမှာ မြင်ယောင်နေပါတယ်။ ကျွန်တော် နိုင်ငံခြားသွားမယ်ဆိုတော့ မန္တလေးဘူတာကြီးမှာ ကျွန်တော့်ကို ၀ိုင်းကန်တော့ပြီး ငိုယိုကျန်ခဲ့ကြတာပါ။ တပည့်သာဆိုတယ် ကိုမြင့်အောင် ၊ကိုဖိုးဋ္ဌေး၊ ကိုမာဒင်တို့က ကျွန်တော့်ထက် အသက်ကြီးပါတယ်။ မကန်တော့ပါနဲ့ပြောလဲ နှစ်တိုင်း သီတင်းကျွတ်ဆိုရင် သူတို့တွေ ကျိတ်တိုင်ပင်ပြီး ကျွန်တော့်ကို သူတို့တတ်နိုင်တဲ့ ပစ္စည်းလေးတွေနဲ့ ကန်တော့နေကျပါဗျာ။


ဆက်ရန်......

9 comments:

မသက်ဇင် said...

မသေခင် ( ၈ ) ရက်အလို --- သိပ်နီးနေပြီ

တရက်ထဲ နာရီပဲခြားတာ။ စိတ်ဝင်စားလွန်းလို့
ထပ်ချောင်းတော့။ ဂ ရက်ပဲလိုတော့တယ်တဲ့။
အင်း ----- လွမ်းစရာတွေ ထားခဲ့ မှာလား။
ပျော်စရာတွေ တွေ့မှာလားကွယ် ---။
စောင့်စား ရင်ခုန်နေတယ်။

ကိုရင်နော်ခင်လေးငယ် said...

အဲ့.....နှိပ်ဆက်ပီပေါ့
ဆက်ရန်......
ခင်လေးတော့ ဝဠ်လည်ဘီလား မသိ..
တိန်.....!!

ရွှန်းမီ said...

အင်း .. ဒီတစ်ယောက်လည်း ရက်တိုးတောင်းဖို့ အကြံအဖန်ပလန်တွေနဲ့ပါလား.. =)
ကောင်းပါတယ် ကောင်းပါတယ်.. ဆက်ရေးပါနော်။

Republic said...

ကိုပြတိုက်ကြီးရေ .. စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ၊၊ ဘာဖြစ်မလဲ ဘာဖြစ်မလဲ ဆိုပြီး ၊၊

ဆက်ရန် ကိုမျှော်နေပါတယ်ဗျာ၊၊

ခင်မင်စွာဖြင့်..

mabaydar said...

မသေခင်၁ဝရက်အလိုကိုရေးတာ အရင်တုန်းကအကြောင်းတွေကို ဇာတ်ကြောင်းဖော်နေတယ်.. ဒါပင်မဲ့ အရေးကောင်းလို့လားတော့မသိ.. ဖတ်ရတာမျက်လုံးထဲမှာပေါ်တယ်.. ကိုအညတရကြီးပုံက မဗေဒါကြည့်ကြည့်နေတဲ့ ကိုရီးယားကားထဲက မင်းသားတွေလိုမျိုး.. မိုက်တယ်ကွာ.. ဟား.. ဟား...
ဒါနဲ့မရှင်းလို့.. မသေခင်၁ဝရက်အလိုဆိုတာမှာ လက်ရှိအသက်အရွယ် အခြေအနေအရ သေမယ်ဆိုရင် ၁ဝရက်ကိုပြောတာပေါ့နော်...
ရန်ကုန်ကသူငယ်ချင်းတွေ တွေ့ဖို့အပြန် စလုံးမှာ ထရန်စစ်ဝင်ပြီး မဗေဒါကိုပါတွေ့သွားပါအုံး... ဟီး.. ဟီး...

မိုးမြင့်တိမ် said...

ပြတိုက်ရှင်ကြီး မကောင်းဘူးဗျာ စာဖတ်တဲ့သူက ကောင်မလေးလက်ထဲ ရည်းစားစာရောက်အောင်ပေးခါနီးမှ ၀င်တိုက်ခံရလို့ စာမြောင်းထဲကျသွားသလိုဘဲ မခံချိမခံသာ ဘာလုပ်ရမလဲမသိ ဘယ်သူ့စိတ်တိုရမှန်းမသိ။ အခုလည်းကြည့်ဦးလေ ဖတ်လို့စိတ်ဝင်စားနေပြီ ဇာတ်ရှိန်တက်နေပြီဆိုမှ ဆက်ရန်တဲ့။ ကျွန်တော်က အပိုင်း(၁)နဲ့(၂)ကို တစ်ခါတည်းပေါင်းဖတ်တာဆိုတော့ ပိုဆိုးတာပေါ့ ဆတ်တငံ့ငံ့ကြီး။ မြန်မြန်တင်နော် နေ့တိုင်းလာချောင်းမှာ။

လူလ said...

မင်္ဂလာပါ ကိုဟကြီး
လာဖတ်သွားပါတယ်။ ကောင်းတယ်ဗျို့ ။ စိတ်ဝင်စားလို့ ကောင်းတယ်။ ပို့စ်အသစ်တွေ တင်ထားမှန်း သိတောင်မသိဘူး။ လာနောက်ကျသွားတာ ခွင့်လွတ်ပါဗျာ။ စကားမစပ်.. မသေခင် တချို့ချို့သော ရက်နေ့တခုမှာ ကျွန်နော် ဘလောင်္ဂကို လာလည်ပြီး ကွန်မင်း ပွတ်သွားပေါ့။ နောက်တာပါ ...
ရွှင်လန်းချမ်းမြေ့ပါစေ

Heartmuseum said...

အမ ...မသက်ဇင်ရေ..... ရေးပြီးတင်ပြီ်းကာစ ချက်ချင်း comment ရေးပေးတာ အမောကို ပြေသွားတာပဲ။ ကျေးဇူးနော် အမ.....
ွှရွှန်းရေ....သဘောပေါက်တယ်နော်..... ၁၀ century လောက် တိုးပေး....ဟီးးးးး
ကိုလစ် feeling လာလို့ ဆက်တိုက်ရေးပါ့မယ်။
ဗေဒါရေ..... နင်တို့ကို လာတွေ့ဖို့ သီးသန့်အစီအစဉ် ပါတယ်။ အဲဒီကျမှ ထွက်မပြေးနဲ့။
ကိုမိုးမြင့်ကြီး လာဖတ်တာ ကျေးဇူးဗျ။
ကိုလူလ ရောက်တယ်ဗျ။ ခင်ဗျားဆီနဲ့ ကိုပါဂနာဆီကိုတော့ ပုံမှန်ပဲ....သေပြီးရင်ကော လာလို့ရလား.....ဟီ...ဟိ...

Apprenticeship said...

မှားယွင်းနေတဲ့ ယုံကြည်မှုတွေကြောင့် ငါတို့နိုင်ငံ ခက်နေတာပေါ့နော်...