အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Thursday, September 11, 2008

ဘ၀၏ နောက်ဆုံးနေ့များ

ဘ၀၏ နောက်ဆုံးရက်များဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကျွန့်တော့်အတွေးလေးတွေ အစီအစဉ်လေးတွေကို စိတ်ကူးပေါက်သလို <10>ရက် သတ်မှတ်ပြီး ရေးပေးဖို့ ညီမလေး ရွှန်းက Tag လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရက်ပိုင်းမှာ ကျွန်တော့်အသက်နဲ့ရင်းပြီး စွန့်စားရမယ့် ဘ၀လမ်းကြောင်းလေးတခုကို လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်နဲ့ အံ့သြစရာ ကောင်းလောက်အောင် တိုက်ဆိုင်နေပါတယ်။ အတိတ်တွေ၊နမိတ်တွေ သိတ်ပြီးယုံကြည်တဲ့သူ မဟုတ်လို့ ထူးပြီးတုန်လှုပ်မသွားပါဘူး။ ဘ၀၏ နောက်ဆုံးနေ့များ ဆိုတဲ့ အတွေးကို ဟိုးလွန်ခဲ့တဲ့ (၁၂)နှစ်၊ ၁၉၉၆ ခုနှစ်လောက်က တခါတွေးဖူးတယ်။ ဒီ အချိန်တုန်းက ကျွန်တော့အသက်က (၂၂)နှစ် ၊(၂၃)နှစ်ရှိသေးတာဗျ။

အဲဒီတုန်းက ကျွန်တော် ဝေးမြေရပ်ခြားကို မပြောင်းမရွေှ့သေးပါဘူး။ ဒါပေမယ့် မွေးရပ်မြေနဲ့ မိုင် (၉၀)လောက်ဝေးတဲ့ ဆမ္မဆယ်လို့ အမည်ရတဲ့ တောင်ပေါ်ရွာလေးမှာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း လမ်းစလေးများ ရှာဖွေတွေ့ရှိလိုတွေ့ရှိငြား မျှော်လင့်ချက်လေးနဲ့ နိုင်ငံတော်အစိုးရ(န၀တ)ဆီကနေ နိုင်ငံတော် စီမံကိန်းဝင် သီးနှံစိုက်ဖို့ရာအတွက် မြေဧရိယာ ဧက(၁၀၀)ကျော် လျှောက်ထားရယူပြီး ရှိစုမဲ့စုပိုက်ဆံတွေ အားလုံးကို ရင်းနှီးမြှုပ်နှံ၊ ဘ၀နဲ့လောင်းကြေးထပ်ပြီး ငှက်ဖျားတောထဲမှာ သက်စွန့်ဆံဖျား စွန့်စားနေတဲ့အချိန်ပေါ့ဗျာ။ ဆမ္မဆယ်ဆိုတာ ရှမ်းနာမည်ဖြစ်ပြီး ဆမ်ဆိုတာမြန်မာလို (၃)ဂဏန်းလို့ အဓိပ္ပါယ်ရပြီး ဆယ်ဆိုတာက (၁၀)ဂဏန်းကို ဆိုလိုပါတယ်။ ဆမ္မဆယ်ဆိုတော့ မြန်မာလို သုံးဆယ်ပေါ့ဗျာ။ တောင်ပေါ်မြေပြန့် ပေါင်းဆုံရာ နေရာဖြစ်လို့ ရွာကအိမ်ခြေ(၁၀၀၀)လောက် ရှိတဲ့ရွာကြီးပါဗျာ။ ရထားဘူတာလဲရှိသလို အိပ်ချိန်းတယ်လီဖုန်း လဲရှိတယ်။ မန္တလေး-လားရှိုးကားလမ်း ဘေးမှရှိလို့ သွားရေးလာရေး အဆင်ပြေသလို ရွာဦးကျောင်း ဆရာတော်ရဲ့ ကျေးဇူးနဲ့ တွဲဖက်အထက်တန်းကျောင်း လဲရှိတယ်။ ဒါပေမယ့် တက္ကသိုလ်ရောက်တဲ့သူ ၂၀၀၀ခုနှစ်ထိ သိတ်မရှိဘူးဗျ။ ရှမ်းထုံးစံ (၅)ရက်ဈေးလည်းရှိတယ်ဗျ။ တယ်လီဖုန်းကတော့ ကျွန်တော်တို့ကြိုးစားမှုပေါ့ဗျာ။ရွာမှာ ဗမာ၊ရှမ်း၊ကချင်၊ဂေါ်ရခါး၊တရုတ်၊ မွတ်စလင် ဘာသာဝင်ကုလား တွေလည်းရှိတယ်ဗျ။ မြေဆီကောင်း၊ရာသီဥတုကောင်းမို့ စိုက်ပျိုးသီးနှံ အတော်များများ ထွက်ပါတယ်။

ဒီနေရာမှာ ပြောဖို့ကျန်သွားတာက ကျွန်တော့အကြောင်း ကျွန်တော်နေထိုင်တဲ့ ပုံစံလေးပါ။ ကျွန်တော့်ခြံက ဧက(၁၀၀)ကျော်ကျယ်တော့ အလုပ်ခန့်ထားသူ (၅၀)ကျော် နဲ့ သူတို့ကို မှီခိုသူအမျိုးသမီး၊သားသမီးတွေ အားလုံးပေါင်းရင် လူ(၇၀)ကျော် (၁၀၀)နီးပါးရှိပါတယ်။ ခြံတခုလုံးကို ချောင်း(၂)ချောင်းက ၀န်းရံ စီးဆင်းနေပြီး ချောင်းကြီးတခုက ခါးလယ်ကဖြတ်စီးပါတယ်။ မတရာသားများကို အုပ်ချုပ်ရလို့ အိမ်ထောင်ရေး အရှုပ်အရှင်းကင်းအောင် နဲ့လုံခြုံရေးကောင်းအောင် အိမ်ထောင်သည် အလုပ်သမားအချို့ကို ခြံပတ်ပတ်လည်မှာ နံကတ်တိုက်လေးတွေ ဆောက်ပေးထားပြီး ဖြန့်ခွဲနေထိုင်စေပြီး အုပ်ချုပ်ရလွယ်အောင် ခြံအလယ်တည့်တည့်က ကျွန်းလေးပေါ်က ညောင်ပင်ကြီးနားမှာ ကျွန်တော် တယောက်ထည်း အိမ်ဆောက်နေပါတယ်။ ကျွန်တော်နေတဲ့ကျွန်းနဲ့ အနီးဆုံးကျွန်းမှာက လူပျိုဆောင် ဆောက်ပြီးနေခိုင်းထားတယ်။ ဒါမှ ကျွန်တော် ထိန်းရလွယ်မယ်လေဗျာ။ လူပျိုဆိုတာ ပြဿနာ အလွန်များလွန်းလို့ ပါ။ ဒါပေမယ့် အိမ်ထောင်သည်တွေကလည်း ပြဿနာ မနည်းဘူးဆိုတာ နောက်ပိုင်းမှ ကျွန်တော်နားလည်လာတယ်။မဖြစ်သင့်တာ မဖြစ်အောင် ရွာထဲသွား အရက်သောက်ခွင့် လုံးဝ မပေးပါဘူးဗျာ။ ခိုးပြီးသွားသောက်လို့ ပြဿနာတက်ခဲ့ရင်လဲ လုံးဝ(လုံးဝ)တာဝန်မယူဘူး ပြောထားတယ်။

ပြောသာပြောရတယ် တကယ်တော့ တနေရာနဲ့ တနေရာ အတော်အလှမ်းဝေးပါတယ်။ လူပျိုဆောင် ဘားတိုက်ရဲ့ ဘေးမှာက ခြံကိုပတ်ပြီး တူးထားတဲ့ လုံခြုံရေးမြောင်းဗျ။ မြောင်းဘေးမှာမှ မန္တလေး-လားရှိုး ရထားလမ်း ၊နောက်ထပ်လယ်နှစ်ကွက်သုံးကွက် ကျော်လိုက်ရင်တော့ ရွာကသင်္ချိုင်းလေဗျာ။ ညမိုးချုပ်ရင် လုံခြုရေးအရ ကျွန်တော်နေတဲ့ ကျွန်းကို ဘယ်သူမှ ကျွန်တော့်ခွင့်ပြုချက်မရပဲ အလာမခံပါဘူး။ သူတို့အားလုံး သိထားတာက လုံခြုံရေးအရ လိုင်စင်ခံပြီး ကျွန်တော် သေနတ်ဆောင်ထားတယ် ဆိုတာပါပဲ။တကယ်တော့ ကျွန်တော့်မှာ ဘာလိုင်စင်မှ မရှိသလို၊ဘာသေနတ်မှ မရှိပါဘူး။ ဆိုင်ရာက သေနတ်လျှောက်ထားခွင့် ပေးထားပေမယ့် ကျွန်တော် မလျှောက်ပါဘူး။ ကျွန်တော့်မှာ မေတ္တာလက်နက် ရှိတယ်လို့ ယုံကြည်လို့ပါ။ အားလုံးနဲ့ အရမ်းခင်တယ်။ တရွာလုံး ကျွန်တော်မသိသူတယောက်မှ မရှိဘူးလေဗျာ။ ရွာထဲက လူတွေက ကျွန်တော်ဆီမှာ နေ့စား အလုပ်လုပ်ဆဲ(သို့) အလုပ်လုပ်ဖူးသူ များတယ်လေ။ ရွာဦးကျောင်းက ဆရာတော်လား ဆရာရင်း၊ဒကာရင်း ပေါ့ဗျာ။ ဆရာတော်က မန္တလေး မစိုးရိမ်တိုက်ထွက်၊ ကျွန်တော်ကလည်း မန္တလေးသား စစ်စစ်လေဗျာ။ ဒါပေမယ့် လုံခြုံရေးအရ အရေးအကြောင်းကြုံရင် သုံးရအောင် လက်နက်အစုံကို အိပ်ယာဘေးမှာ အဆင်သင့်ပြင်ထားပါတယ်။ ကျွန်တော် အပါအ၀င် လူယုံတပည့်တချို့ကလည်း အရေးကြုံရင် လက်မနှေးကြောင်း ပတ်ဝန်းကျင်က အားလုံးသိထားတယ်လေ။ ညကင်းသမားတွေလည်း ထားရတယ်ဗျာ။ ကဲနောက်မှ အဲဒီရွာလေးအကြောင်း၊ ကျွန်တော့ အတွေ့အကြုံများ အကြောင်းကို နောင်များစကားကြုံရင် ပြန်ပြောပြမယ်ဗျာ။ အဓိကက ကျွန်တော်နေတဲ့ (၅)ဧကကျော်ကျယ်တဲ့ကျွန်းလေးမှာ ကျွန်တော်တယောက်ထဲ နေတယ်ဆိုတာပါပဲ။ နဂိုမူရင်း ခေါင်းစဉ်လေးနဲ့ ဝေးသွားမှာစိုးလို့ ဘ၀၏နောက်ဆုံးနေ့များ အကြောင်း ပြန်ပြောရအောင်နော်။

ကျွန်တော်ပြောတဲ့ ဆမ္မဆယ်ရွာလေးမှာ တခါတော့ (၃)ရက် အတွင်း လူ(၄)ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတယ်ဗျာ။ ထုံးစံအတိုင်း ရွာမှာက လူမျိုးစုံ ဘာသာစုံ အယူအဆ၊ဓလေ့ထုံးစံ စုံလေတော့ အဓိပ္ပါယ်အမျိုးမျိုး ကောက်ကြပါလေရောဗျာ။ ဒီနေရာမှာ အသေအချာပြောနိုင်တာတော့ လူတွေအားလုံး သွေးပျက်သွားကြ ကြောက်သွားကြတာပဲဗျ။ အဲဒီတော့ ရွာရဲု့ထုံးစံအရ ခရစ်ယာန်ဘာသာဝင် ကချင်တွေက ဘုရားရှစ်ခိုးကျောင်းမှာ ဆုတွေတောင်းကြ၊ ဗမာနဲ့ရှမ်းတွေက ရွာဦးကျောင်းမှာ လော်စပီကာကြီးကို အပြင်ထုတ်ပြီး ပရိတ်တွေရွတ်၊ ရွာကိုပတ်ပြီး ပရိတ်ရေဖြန်း ကုလားတွေကလဲ ဗလီတက်ကြပေါ့ဗျာ။ တကယ်တော့ရွာမှာ ကုလားအိမ်က (၇)အိမ်ထဲပဲရှိတာပါ။ ဟိုခိုဆိုတဲ့ ရွာမှာတော့ များတယ်ဗျ။ အဲ... ဘာသာတွေသာကွဲပြားကြတာ ညနေမိုးချုပ်တဲ့ အချိန် (၈)ကျော်၊ (၉)နာရီလောက်မှာ တရွာလုံး သံပုံးတီး ကြတာတော့ညီတယ်ဗျာ။ သူတို့ကတော့ ရွာထဲက တစ္တေတွေကို ခေါစာကျွေးပြီး တောထုတ်တယ် ဆိုတာပဲဗျ။ ကျွန်တော်ကလည်း ဒီထုံးစံကို မသိတော့ ခြံထဲက တပည့်တွေကို သံပုံးမတီးဖို့ အမိန့်မပေးမိဘူးဗျ။


ဆက်ရန်.......



9 comments:

Apprenticeship said...

အင်းဆက်ပါတော့.... စိတ်ဝင်စားဘို့ကောင်းတယ်

မောင်မျိုး said...

ဇတ်ရှိန်ကတော့ တက်နေပြီးး စိတ်ဝင်စားတယ်ဗျို့  ရေးပါအုံးး ဒါနဲ့  အသက်ကပေါ်သွားပြီး ဟီး လိမ်ထားတာမဟုတ်ဘူး ဒီအစ်ကိုကြီး .. အင်းးး ရိုရိုသေသေဆက်ဆံမှပဲ မဖြစ်တော့ပေဘူးး ကိုယ့်ဦးလေး အရွယ်ဆိုတော့ ဟားဟားး ဦးလေးကြီးး ပုဆိုးက အနောက်မှာ ပေါက်နေတယ် လှည့်လိုက်အုံး :P

ရွှန်းမီ said...

:-)
စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သံပုံးမတီးမိတော့ ဘာတွေ . . . အင်း..
ညဘက် မဖတ်မိအောင် သတိထားမှပဲ :-P

လားရှိုးသူ said...

စိတ်ဝင်စားနေပြီ၊ ဘာဆက်ဖြစ်လဲဆိုတာ၊ မြန်မြန်ရေးနော်၊ မနက်ဖန်ပြန်လာကြည့်မယ်။

May Moe said...

အဲ ကောင်းခန်းရောက်မှ ။ ဆက်ရေးပါဗျိုး အရမ်းစိတ်ဝင်စားသွားပြီ :)

ကိုတိုးလေး said...

စာက ဖတ်လို့ကောင်းနေပြီ ကောင်းခန်းရောက်မှာ ဇတ်ရှိန်ပြတ်သွားတာကိုနော် ဆက်ရေးဗျာ.

မသက်ဇင် said...

ဆန့်တငန့်ငန့် ပါလား။ ဖတ်ပြီး တောင်ပေါ်ရွာ
လေးကို သွားချင်လိုက်တာ။ အခု ဒီရွာလေးကို
ထားခဲ့ပြီလား။ အဆက်ကို သိချင်လှပြီလေ။
ဘာတွေထပ်ဖြစ်မှာလဲ။

mabaydar said...

ညောင်ပင်ပေါ်မှာ အိမ်ဆောက်ပြီးနေတယ်ဆိုတော့.. တာဇံလိုပေါ့နော်.. မိုက်တယ်.. မဗေဒါလဲ အဲလိုနေဖူးချင်လိုက်တာ.. ဒါပေမဲ့ အပင်ပေါ်က မြွေတွေဘာတွေမလာဘူးလား..
သရဲမကြောက်ဘူးလား.. ဒီလောက်အကျယ်ကြီးမှာ၁ယောက်ထဲ.. မိသားစုကရော ဘယ်မှာလဲ.. ဘာပဲပြောပြော အသက် ၂၂ ၂၃ လောက်မှာဒီလိုလူတွေကို အုပ်ချုပ်တတ်နေပြီ..
ဒီလို စီးပွားရေးလုပ်တတ်နေပြီဆိုတော့.. ကိုအညတရကြီးက မဗေဒါထက်တော့ တော်တော် တော်တယ်.. မဗေဒါကတော့ ခုထိအာပလာပဲ.. ဟင်းးးး...
P.S. ခုနောက်တစ်ခေါက်ထပ်ဖတ်ကြည့်မှ ညောင်ပင်နားမှာစောက်ထားတာကိုး.... ဟီး.. ညောင်ပင်ပေါ်မှတ်လို့ဒီမှာစိတ်ကူးတွေယဉ်ပြီး အားကျနေတာ...

Heartmuseum said...

Apရေ.... ဦးဦးဖျားဖျား ရောက်လာတာ Thank you.
မောင်မျိုးဆိုတဲ့ ကောင်လေး အသက်က 35 ဆိုပေမယ့် ပြောပြရင် ဘယ်သုမှ မယုံဘူး သဘောပေါက် 53 နှစ်ပဲ မှတ်ကြတယ်...ဟီ...ဟိ...
ဒေါ်ရွန်းဘာအခုမှ ကြောက်ပါပြီလဲ....:P
လားရှိုးသူ၊မေမိုး၊ကိုတိုး ဆက်တိုက်ရေးမယ် ယုံ....
မဗေဒါရေ ရှမ်းပြည်တောင်ပေါ်မှာ အဆိပ်ရှိတဲ့မြွေ မရှိဘူးဗျ။ ကျန်တဲ့လူတွေက အလုပ်ကိုယ်စီနဲ့ ဆိုတော့ ကျွန်တော် တယောက်ထဲပဲလေ။