အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, June 25, 2008

တရံတခါဆီသို့

အင်း.... ဒီစရံငွေလေး တ၀က်ရရင် တံဆိပ်ရိုက်ဖို့ မှင်ပြေးဝယ်ရမယ်။ ပိုတဲ့ပိုက်ဆံနဲ့ လေဖြတ်နေတဲ့ အဖေ့အတွက် ဆေးဝယ်တိုက်ရမယ်။ ဆန်လည်းကုန်ခါနီးပြီ ဆန်ဝယ်ရမယ်။ ထမင်းကို ဆီနဲ့ဆားနဲ့ ပဲနယ်စားနေရတာ တပတ်ကျော်နေပြီ။ ကြက်ဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ၀ယ်ပြီး ဒီနေ့တော့ ကြက်ဥဟင်း ချက်စားလိုက်ဦးမယ်။
"ကဲ သား... ဟောတာက အလုပ်အတွက် စရံငွေ တ၀က်"
အတွေးဥယျာဉ်ကြောမှာ ဘယ်လောက်မျောနေမိသည်မသိ။ အလုပ်အပ်သူ အန်တီ ဒေါ်ယမင်းက ပုံနှိပ်စက်ရိုက်ခ စရံငွေပိုက်ဆံ ရှင်းမည်ဆိုမှ အာရုံပြန်စု မိတော့သည်။ ဒေါ်ယမင်းဆိုသူမှာ တကယ်တော့ နာမည်ကြီး ပုံနှိပ်စက်ပိုင်ရှင် ဖြစ်၏။ အော့ဖ်ဆက် ပုံနှိပ်စက်ကြီး လေးလုံးဖြင့် တရက်လျှင် နာရီ(၂၀) နေ့ဆိုင်း၊ညဆိုင်းဖြင့် မနေမနား အလုပ်သမားများဖြင့် စီးပွားရေးတံဆိပ် မျိုးစုံကို အလျှင်မှီအောင် ရိုက်နှိပ်ပေး နေသော်လည်း အလုပ်က လုံးဝ မနိုင်။ ထို့ကြောင့် ဒေါ်ယမင်းက နေသွေးတို့လို နာမည်မကျော်၊ အလုပ်မရှိသော လုပ်ငန်းရှင်များကို အောက်ကြေးဖြင့် တဆင့်ပြန်ခိုင်း၍ ရိုက်နေရ၏။ နေသွေး အဖို့မှာလည်း ရွေးစရာလမ်းမရှိ။ အမြတ်မှာ အလွန်တရာနည်းသော်လည်း လုံးဝအလုပ်မရှိသည်ထက်စာလျှင် ၀င်ငွေနည်းသော်လည်း အလုပ်၇ှိဖို့ စက်လည်ပတ်ဖို့ ထမင်းစားဖို့ လုပ်ရပေအုံးမည်။
"ဟုတ်ကဲ့ အန်တီ ကျေးဇူးတင်ပါတယ်။ "
"အခုလို အလုပ်မျှခိုင်းတော့ ကျွန်တော်လည်း လုပ်စရာလုပ်ငန်း မပျက်ရတယ်။၊ အန်တီအတွက်လည်း ငွေရေးကြေးရေး အရ အကျိုးရှိသလို အချိန်မှီ ဟိုဖက်က လုပ်ငန်းရှင်ကို တံဆိပ်အပ်နိုင်တာပေါ့။ နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။နောက်လဲ အန်တီတို့ လုပ်ငန်းမှာ အလုပ်မနိုင်ရင် အခုလို ကျွန်တော့်ကိုမျှ ခိုင်းနိုင်ပါတယ်။"
" မင်းသဘောပေါက်မယ်ဆိုတာ ယုံကြည်လို့လဲ အန်တိက လုပ်ငန်းကိစ္ခ မင်းနဲ့လာဆွေးနွေးတာပေါ့ "
"ကဲ...... ပြန်အုံးမယ်ကွယ်... အရည်အသွေး စိတ်ချပါရစေ။"
"စိတ်ချလက်ချသာ ပြန်ပါခင်ဗျာ။ ကျွန်တော် သေသေချာချာ ဂရုတစိုက်နဲ့ မှင်ကျမှင်န မှန်မှန်နဲ့ အရည်အသွေး ကောင်းကောင်း စိတ်တိုင်းကျ ဖြစ်အောင် ကြိုးစားပါ့မယ်။"


ဟူး... မောလိုက်တာ။ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ တော်သေးတယ် အလုပ်ပြတ်နေတာ နှစ်ပတ်ကျော်ရှိပြီိမို့ အိမ်က ဆန်အိုးထဲမှာ ဆန်လက်ကျန်လဲ သိတ်မရှိတော့ပြီ။ ၀ယ်စားစရာ ပိုက်ဆံလက်ကျန်လဲ သိတ်မရှိတော့ပြီမို့ ဈေးးဝယ်မချက်နိုင်တာလဲ တပတ်ကျော်လို့ ဆယ်ရက်မြောက်နေပြီ။ ဆရာက ဆင်းရဲသော်လည်း သံယောဇဉ်ကြောင့် စွန့်ခွာထွက်ပြေး မသွားသော သစ္ခာရှိ တပည့်လေး အုံးကျော်နှင့် ကျွန်တော်တို့သားအမိ၊ သားအဖတွေ ထမင်းကိုဆီဆမ်း ဆားဖြူးပြီး စားနေရတယ်။ ခြေစောင့်လက်စောင့် ထားတဲ့ ပိုက်ဆံလေးကလည်း အဖေ့ဆေးဖိုးနဲ့ ကုန်လေပြီ။
အခုတော့ ပိုက်ဆံပြတ်လို့ အဖေ့ကို ဆေးခန်းပြဖို့ နေနေသာသာ ယခင်က ဆရာဝန် ညွှန်ထားတဲ့ ဆေးတောင် ၀ယ်မတိုက်နိုင်ပြီ ။ အဖေကလဲ တရှောင်ရှောင်နှင့် သူ့အခြေအနေကို ဖွင့်ဟပြောဆို ညည်းတွားခြင်း မလုပ်သော်လည်း ဆရာဝန်အကြံပေးသည့် စကားနှင့် သူ့အခြေအနေက ဆေးရုံတင်မှဖြစ်မည်။ ညာဖက်တခြမ်းလုံး လေဖြတ်ထာတာတောင် ဆေးရုံသွားလျှင် သောက်သောက်လဲ ကုန်ကျမည့်ငွေကို မနေ့တနေ့ကမှ အထက်တန်းအောင်သော သားတော်မောင် ရှာမပေးနိုင်သေးမှန်း အဖေ သိနေလို့လားမသိပြီ အဖေတယောက် တငြင်းထဲငြင်းနေ၏။
အဖေလေဖြတ်သွား၍ မလည်မ၀ယ်ဖြင့် စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်လာသော ကျွန်တော့်အတွက်လည်း တကယ်တော့ ဆေးရုံတင်ဖို့အရေးက အပြောလွယ်သလောက် ပြဿနာက မသေးပြီ။ ဆေးဖိုး၊ ဆရာဝန်ကြီးအတွက် သမားတော်ကြေး၊ နာ့စ်မ ငှားခ၊ သန့်ရှင်းရေးကြေး၊ စက်ဘီး (သို့) ဆိုင်ကယ်အပ်ခ၊ အ၀င်အထွက် ကောင်းအောင်အပေါက်စောင့် ဒရ၀မ်ကိုလည်း ခွံ့ရသေး၏။ ထမင်းချိုင့်ပို့၊ အနားမှာ လူစောင့်တယောက် အမြဲရှိရမည်။ စားရိတ်၊ စားရိတ် စေ့စေ့တွေးလျှင် ရေးရေးမြင် ကုန်လိုက်မည့်ငွေ အတွေးထဲမှာတင် သေနိုင်သည်။
"ကဲ... အုန်းကျော်ရေ ငါ ပိုက်ဆံလေးရှိတုန်း ပုံနှိပ်မှင်နဲ့ အဖေ့အတွက်ဆေး ပြေးဝယ်လိုက်မယ်။ အမေက ဈေးဝယ်ပြီး ညနေစာချက် လိမ့်မယ်။ မင်းက ရှိတဲ့ မှင်နဲ့ စက်ကိုထိန်းလည်ပြီး ရိုက်နှင့်လိုက်နော်။ ပြန်လာမှ ညနေစာစားပြီး အဖေ့ကို ဆေးခန်းသွားပြ လိုက်မယ်။ ဆေးခန်းကအပြန်မှ ငါပါစက်လည်ပြီး မိုးအလင်း တံဆိပ်ရိုက်ရအောင်ကွာ။ "
ဆက်ရန်.....
**ဒီ postလေး ရေးဖြစ်အောင် တကူးတက တိုက်တွန်းသော ညီလေးမောင်မျိုးကို ကျေးဇူးစကား ဆိုပါရစေ။**
***ချစ်သောတပည့်ရင်း အုံးကျော်နှင့် လွန်ခဲ့သော(၁၆)နှစ်ကျော်မှ စတင်ပြီးလုပ်ကြွေးပြုစု လာသော
အဖေသို့ အဖေနေ့ အမှတ်တရ***

13 comments:

စိုးထက် - Soe Htet ! said...

လာဖတ်သွားတယ် ဗျ ... ဒီ ၀တ္ထု နေရာက မန်းလေး မှာလားးး ??? :) :P

May Moe said...

ဦးလေးဂျီး ရေ post လေးဖတ်ပြီးမျက်ရည်ဝဲမိတယ်။ လူတိုင်းမှာ အတိတ်ခါးခါးလေးတွေ ရှိတတ်စမြဲပါ ။ဘိုးစဉ်ဘောင်ဆက် ချမ်းသာတဲ့ မိသားစုတွေကတော့ ချွင်းချက်ပေါ့ ။
ဒီစာလေးဖတ်ပြီး ကိုယ်တိုင်မကြုံဖူးပင်မဲ့ ဖေဖေပြောဖူးတဲ့ ဟိုးအရင် ဖေဖေ နဲ့မေကြီး အိမ်ထောင်ကျကာစ သူတို့ရဲ့ စီးပွါးရေးအခက်အခဲတွေကို သတိရမိတယ်။
သိတတ်တဲ့အချိန်မှာ ဖေဖေ စက်ဘီးအိုလေးစီး မိုးကာလေးခြုံပြီး ဈေးကဆိုင်သေးသေးလေးကို တယောက်ထဲသွားဖွင့်တာ ပြန်မြင်ရောင်မိတယ်။ အခုအချိန်မှာ မိဘကျေးဇူးကြောင့် မရှိမရှား နေနိုင်ခဲ့ပင်မဲ့ အတိတ်က ဖေဖေ့ ပုံရိပ်တွေ ပြန်စဉ်းစားမိရင် ငိုချင်တုန်းပဲ။ ဦးလေးဂျီး ကတော့ ကုသိုရ်တွေ အများကြီး ရမှာပါ။ မိဘကို ပြန်ပြီးလုပ်ကြွေးပြုစုနိုင် ပြီးဆိုတာ ကြီးမြတ်ဆုံးသော မင်္ဂလာတစ်ပါးပါ။ မေမိုးတို့ အတွက်ကတော့ ကိုယ့်ခြေထောက်ပေါ် ကိုရပ်နိုင်ပြီ ဆိုပေမဲ့ မိဘကျေးဇူးဆပ်နိုင်ဖို့ ကျိုးစားနေရတုန်းပါပဲ။
အစစ အရာရာ အဆင်ပြေပါစေ။ ဆက်ရန်ကို စောင့်ဖတ်နေပါ့မယ်။


PS>>အခုတလော ခံစားချက်အပြင်းစားတွေပဲ ရေးနေတယ်နော်။ ပြီးခဲ့တာတွေ တတ်နိုင်သလောက်မေ့ပြီး ပျော်အောင်လည်း နေပါအုန်း။ ဖြစ်နိုင်ရင် Cbox ပြန်တပ်ပါလား :)

babygurl said...

cbox လည်း မတွေ့ ဘူး.. ပြန်တပ်လိုက်ပါနော်.. လာလည်သွားတယ်.. တာ့တာ.. သမီးဆီလည်း အားရင် လည်လည်လာပါဦး..

လူလ said...

မင်္ဂလာပါ ဗျို့..
သို့..တရံတခါဆီက ရင်ထဲ မရွယ်ပဲ ထိတယ်ဗျာ။ ဘ၀ကို သရုပ်မှန်အဖြစ် ထင်ဟပ်တဲ့သဘောပေါ့နော်။
စီပုံးမရှိလို့ လာပွတ်သွားတာ ဟဲဟဲ။ ရွှင်လန်းချမ်းမြေ့ပါစေ...

မောင်မျိုး said...

အစ်ကို့ ရဲ့ ပြဇတ်လေးကလည်း ကြမ်းတာပဲ ဒီလိုပါပဲ လူဆိုတာ အနည်းတဲ့အများတော့ ဘ၀ရဲ့ ခါးသီးမှုတွေကို ကြုံခဲ့ရတာပါပဲ အခက်ခဲတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ရတယ် နောက်လည်း ကျော်ဖြတ်ဖို့ အတွက်လည်း ပြင်ဆင်ကြတာပေါ့ဗျာ ။ အစ်ကိုက သားလိမ္မာလေးပဲး) ကျနော်ရေးခဲ့ဖုးသလိုပဲ သားလိမ္မာတစ်ယောက်မှာ စောင့်စည်းရတာတွေ များလွန်းတာကိုတော့ ကိုယ်တိုင်က လွဲပြီး ဘယ်သူက သိနိုင်မှာပဲ ။

ဆက်ရန်ကိုစောင့်မျှော်နေပါတယ် အစ်ကိုရေ့ အဆင်ပြေပါစေဗျာ ဆီပုံးတော့ ပြန်တပ်ရင်ကောင်းမယ်နော့် နေ့ တိုင်း နှုတ်ဆက်လို့ မရတာ စိတ်မကောင်းဘူး ။

ညိမ်းညို said...

စာမေးပွဲတွေပီးသွားလို့ ဘလော့လည်ပီး စာတွေတ၀ကြီးဖတ်တော့မယ်ဆိုမှ ကိုပြတိုက်ကြီးက နှုတ်ဆက်ထားတယ်ဗျာ ။ အားလုံးအဆင်ပြေပါစေဗျာ။ ပုံလေးတွေနဲ့ယှဉ်တွဲပီး အစပ်အဟပ်မိလှတဲ့ ကဗျာတွေကို တမေ့တမောကြီးဖတ်သွားတယ်ဗျာ။

eitar said...

ဆီးပုံးလဲရှိဘူး :(

BLACK DREAM said...

ရိုးရိုးအဖြစ်အပျက်လေးတစ်ခုပါပဲ...။ ဒါပေမယ့် ကျွန်တော့်ခဲ့ ခံစားတတ်တဲ့ အသိဥာဏ်တစ်ခုရဲ့ အနက်ရှိုင်းဆုံးနေရာ တစ်ခုအထိ ထိုးဖောက်သွားတယ်ဗျာ...။

ဆောင်း said...

ဒီတနေရာဘဲ ကွန်မန့်ထားလို့ ရလို့ ရေးလိုက်ပါတယ်။ နှလုံးသားပြတိုက်ကို ပြင်ဆင်နေတယ် လို့ ယူဆမိပါတယ် ပြတိုက်ပြန်ဖွင့်ရင် အသဲပြခန်း၊ ကျောက်ကပ်ပြခန်း တွေနဲ့ ဝေဆာမဲ့ နှလုံးသားပြတိုက်လေးဖြစ်ပါစေလို့ နော်

မိုးမြင့်တိမ် said...

ပြတိုက်ပိုင်ရှင်ကြီး ဘယ်လိုဖြစ်လို့နားမှာလဲ စာကောင်းကောင်းတွေဖတ်ချင်တဲ့ လူတွေမျှော်နေတယ်လေ အဲဒီလို မရက်စက်ရဘူးလေ လုပ်ပါဗျ ဆက်ရေးပါ ဆက်ရန်ကိုစောင့်နေတယ်နော်

ဆိုးသွမ်း said...

ဝူး....ခံစားရတယ်ဗျာ။ ကိုအညတရရေ။
ဆက်ပါဦး။

ဝေလေး said...

ဆက်ရန်ကိုမျှော်နေမယ်နော်........
မိဘကျေးဇူးဆပ်နေတဲ့အစ်ကိုကြီုးကိုလေးစားပါတယ်..
စိတ်ရှုပ်စရာ...စိတ်ညစ်စရာတွေမှကင်းဝေးပါစေနော်

ရွှန်းမီ said...

ဆက်ရေးပါဦး .. စောင့်နေတာ..
အဆင်တွေ အကုန် ပြေပါစေ =)