အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Friday, May 9, 2008

နာဂစ်ကို ခွဲခြမ်းစိတ်ဖြာခြင်း ( ၂ )

***အမြင်တူသူ၊ အမြင်မတူသူ မည်သူမဆို အပြုသဘော ၀င်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။***
မြန်မာ့အလင်း သတင်းစာက အားပျော့ရွေှ့လျား နေပြီဆိုသည့် ဆိုက်ကလုံး မုန်တိုင်းကြီး နာဂစ်သည် သူ့အား ပျော့သွားသည် ဟူသော ယုံတမ်းစကားကို ကြားပြီး ဒေါသထွက်သွားသည်ထင်၏။ အနီးဆုံးရှိ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင်ကို ဗဟိုပြု ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နှင့် တနင်္လာရီတိုင်းတို့ကို ချာချာလည်သွားအောင် တနာရီ မိုင်(၁၂၀)ကျော် နှုန်းဖြင့် မေလ(2)ရက် Friday နေ့တွင် အစွမ်းကုန်ရမ်းတော့သည်။ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ပါက ကယ်ဆယ်ရေးလုပ်ရန် ဖွဲ့စည်းထားသည်ဆိုသော နိုင်ငံတော်အဆင့် ဦးဆောင်ကော်မတီမှာ စက္ကူကျား အဆင့်သာဆိုသည်မှာ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီး အရေးပေါ် အကူအညီ အလျှင်အမြန် လိုအပ်နေသော လူထုထံ မည်သည့်အကူအညီမှ ရောက်မလာခြင်းက သက်သေပြနေပါသည်။ သမိုင်းတလျှောက်လုံး သဘာဝ ကပ်ဘေးဆိုးကြီးများကို ရင်ဆိုင်ကြုံတွေ့ခြင်း လုံးဝ မရှိသော ကျွန်တော်တို့ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ပက်သက်လာလျှင် ကြောက်ရကောင်း လန့်ရကောင်းမှန်း မသိကြပါ။ သဘာဝတရားကြီးက မြန်မာနိုင်ငံကို ထာဝရ မျက်နှာသာ ပေးမည်ဟု တရားသေ တွက်ထားကြ၏။ အမှန်တကယ်တွင် ဤအရေးပေါ် ကယ်ဆယ်ရေး ဟူသည် အပြောလွယ်သလောက် အလုပ်ခက်သော ကိစ္စကြီး ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် နာဂစ်မုန်တိုင်းကြီး အဓိက ဗဟိုပြုရာ ဧရာဝတီ မြစ်ဝှမ်းလွင်ပြင် ဒေသသည် နဂိုကတဲကပင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကားလမ်းအနည်းငယ်သာရှိပြီး ရေလမ်းကိုသာ အဓိကအားကိုးနေရ၏။ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် ရှိစုမဲ့စုတံတားများ ကျိုးပြတ်ကုန်သဖြင့် ကားလမ်းမှာ နေရာတော်တော်များများတွင် အသုံးပြုရန် မလွယ်ကူပေ။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ရန်အတွက် ရေယာဉ်လို၏။ ရေမျောနေသူများကို အချိန်မှီ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ရန် ရဟတ်ယာဉ် လို၏။ မသန့်ရှင်းသည့် ရေကို သန့်စင်ပေးမည့် ရေသန့်စင် စက်များလိုအပ်၏။ သယ်ကူရလွယ်ကူပြီး အဟာရပြည့်ဝစေသည့် အစားအစာများလို၏။ ဖျားနာနေသူများ၊ လေမုန်တိုင်းကြောင့် ဒဏ်ရာရရှိသူ၊ ဆားငန်ရေလောင်သူ၊ စသည့် နေမကောင်းသူများကို ပြုစုစောင့်ရှောက်ရန် ဆေးဝါး အပြည့်အစုံပါသည့် ရွှေပြောင်းနိုင်သောဆေးရုံ အသေးစားများလို၏။ ထိုအရာများ ကျွန်တော်တို့ ရွှေနိုင်ငံကြီးတွင် အလုံအလောက်မရှိ။ ဤကိစ္စမျိုးတွင်လည်း ရှက်စရာမရှိ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံငယ်လေး မဆိုထားနှင့် အမေရိကန်လို နိုင်ငံကြီးပင်လျှင် 2005 ခုနှစ်က Hurricane Katrina မုန်တိုင်းကြောင့် နိုင်ငံတကာက အကူအညီကိုတောင်းခံခဲ့ဖူး၏။ နိုင်ငံတကာသို့ အကူအညီ မတောင်းမဖြစ် တောင်းမှဖြစ်မည်။ နိုင်ငံတကာကလည်း တောင်းသည့် အကူအညီကို ပေးမည်ဟု အလျှင်အမြန် ဂတိပေးပြီး ကူညီရန် အဆင်သင့် ဖြစ်သောအခါတွင်မှ နိုင်ငံတော် လုံခြုံရေးကို ဦးစားပေးရေးမူကြောင့် ရက်သတ္တပတ် တပတ်အကြာ ယခုစာရေးနေချိန်ထိ အရေးပေါ် ကယ်ဆယ်ရေး ကိစ္စမှာ မသေချာ မရေမရာ ဖြစ်နေဆဲပါ။ ဤသို့ဖြင့် ရေလှိုင်းများကြား အသက်မသေပဲ ရှင်သန်မျောပါနေမည့် အသက်မသေပဲ ကျန်ရစ်သူများကို ကယ်ဆယ်ရန် မဟာအခွင့်အရေးကြီးကို လက်လွှတ်ခဲ့ရပေပြီ။ ၀မ်းနည်းစရာကောင်းပေစွ ပါတကား။

ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးထက် မည်သည့်လုံခြုံရေးကမှ အရေးမကြီးပါဟု ရိုးရိုးသားသား လေးလေးနက်နက် ယုံကြည်ပါသည်။ အသက်မသေ ကျန်ရစ်သော ဒုက္ခပင်လယ်ဝေ နေကြသည့် ပြည်သူလူထုကို တပူပေါ်နှစ်ပူမဆင့်စေရန် တာဝန်ရှိသူများ မူဝါဒပိုင်းဆိုင်ရာကို ပြန်လည်ဆင်ခြင်သုံးသပ် ပြင်ဆင်သင့်ပါသည်။ ယခုအခါ မေလလယ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဒုက္ခသည်များ မိုးမကျမှီ အမိုးအကာအောက် ရောက်ရန်၊ ရေကောင်းရေသန့်နှင့် ၀တ်စရာ အ၀တ်အစားရရန် အလွန်အရေးကြီးပါသည်။


အထက်ဖော်ပြပါပုံမှာ အမေရိကန် အာကာသ လေ့လာစူးစမ်းရေးဋ္ဌာန ထုတ်ပြန်သော မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ဒေသ အား နာဂစ်မုန်တိုင်း ၀င်မမွှေမှီ(ဧပြီလ ၁၅ရက် ၂၀၀၈) နှင့် မုန်တိုင်းမွှေပြီး (မေလ ၅ရက် ၂၀၀၈) ကိုနှိုင်းယှဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ပုံနှစ်ပုံကို ယှဉ်ကြည့်ခြင်း အားဖြင့် စိုက်ပျိုးမြေ အတော်များများ ပင်လယ်ရေ လွှမ်းခံထားရကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပါသည်။ ထို့သို့သော အကြောင်းကြောင့် အကျိုးတရားအနေဖြင့် လေမုန်တိုင်းဒဏ်ခံရသော ပြည်သူများအား ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ရာတွင် ၎င်းတို့အတွက် စီပွားရေးလုပ်ငန်းများကိုလည်း ကြိုတင်စဉ်းစားစီစဉ် ဆောင်ရွက် ရန်လိုအပ်ပေမည်။ ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်း သည် မြန်မာပြည်၏ စပါးကျီ ဖြစ်ပါသည်။ နာဂစ်ဟူသော လေမုန်တိုင်းကြီးက ယခုအခါ မြန်မာပြည်၏ ထမင်းအိုးကြီးအား ရိုက်ခွဲလိုက်ပေပြီ။ ကျွန်တော်တို့ ပင်လယ်ရေ၀င်ပြီး ဆားပေါက်နေသော လယ်မြေများ ပြန်လယ်စိုက်ပျိုးရန်မှာ လောလောဆယ် မဖြစ်နိုင်ပြီ။ တမိုးမိပြီး စိုက်ပျိုး၍ ရအောင် မြေသန့်သွားလျှင်ကို ပျော်ရွှင်ရမည့် အခြေအနေဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် မြန်မာတပြည်လုံးရှိ အခြေခံလူတန်းစား ပြည်သူလူထုကြီး အတွက် ဆန်ဈေးအလွန်အကျွံ မတက်စေရန် နိုင်ငံခြားသို့ ဆန်တင်ပို့မှုကို လုံးဝပိတ်ပင် တားဆီးရမည့်အပြင် လိုအပ်ပါက ဆန်တင်သွင်းရန် အိမ်နီးနားချင်းနိုင်ငံ နိုင်ငံများကို ဈေးသက်သက်သာသာဖြင့် ပြန်လည်ရောင်းချပေးရန် မေတ္တာရပ်ခံ သင့်ပါသည် ဟု ထင်မြင်ယူဆမိပါကြောင်း တင်ပြပါသည်။

***လိုအပ်သော အချက်အလက်များကို ကူညီရှာဖွေပေးသော အမည်မဖော်ပြစေလိုသော သူငယ်ချင်းများအား အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ***

4 comments:

honey said...

ဝမ်းရောဂါတွေ စဖြစ်နေပြီလို့ကြားတယ်
အကူအညီတွေလည်း ခုထိရောက်သေးဟန်မတူဘူး

Apprenticeship said...

မပြောချင်တော့ဘူး heart ရေ.. အတများလွန်းနိုင်တော့ ခက်တယ်..။
အကူအညီပေမဲ့ မြန်မာနိုင်ငံသားတွေတောင် လူကြီးတွေရဲ့ ခွင့်ပြုချက်ပါမှ သွားခွင့်ရှိတယ်တဲံ..:(

ရွှန်းမီ said...

ဟုတ်ကဲ့.. ပြန်လည် ထူထောင်ရေးအတွက်လည်း လိုအပ်ပါတယ်။
ခုလောလောဆယ်.. မသန့်တဲ့ရေ၊ မလောက်တဲ့အစားအစာတွေကိုပဲ မှီခိုနေရသူတွေ အတွက် ဓာတ်ဆားနဲ့ ဗိုက်တာမင်တွေ လိုပါတယ်။ လူက စွန့်ပစ်တဲ့ အညစ်အကြေးတွေကနေ ရောဂါ မကူးအောင် instant sanitizer ဓာတု ပစ္စည်းတွေ လိုပါတယ်။
ထိထိရောက်ရောက် ပို့ဆောင်ဖြန့်ဖြူးဖို့၊ လူတွေကို ပညာလည်းပေး၊ အားလည်းပေးဖို့ လူအင်အားလည်း လိုပါတယ်။

Anonymous said...

အတင်းခေါင်းစဉ်....
ယနေ့  နံနက် 9.45 မိနစ် 15 စက္ကန့် တွင် ( မြန်မာပြည်မှ လူကြီးများသည် အင်မတန် အချိန်ကိုလေးစားပါသည်ခင်ဗျာ) ။ လေဘေးသင့် ဒုက္ခသည်များအား ကိုယ်တိုင်သွားရောက် ဟန်ရေပြကာ သူများလှူထားသော ပစ္စည်များကို သူတို့ လှူသလို ဆီးသီးကို ဇကော်ထဲထည့် လှိပ်ထားတဲ့ မျက်နှာပေများနဲ့  နေတိုးရဲ့ ဘကြီး အသေဆိုးဆိုဒ် ဖမ်းနေကြပါတယ်ခင်ဗျာ။


မှတ်ချက်။ ။ ညက ကိုရီးယား ကားကောင်းနေတုန်း ကြားဖြတ်သတင်းဝင်သွားလို့း)

ဟီးး.......ဘာမှတော့မဆိုင်ဘူး အစ်ကိုရေ့ ကိုယ့်ပါသာ မပေါက်ကွဲချင်တော့လို့  ဒီမှာလာဖွင့်ချလိုက်တာ ရတယ်ဟုတ်.................။

ပုံ.....အော့ကြောလန်မောင်
(ဒီနာမည်ကို သိမယ်ထင်တာပဲ )