အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, April 30, 2008

် ဦးကောဝိဒါဘိဝံသ (သို့) အနီရင့်ရင့်မြစ်တစ်စင်း


ကြိုတင်အသိပေးပါရစေ ဆရာတော်ကြီးဟာသုံးဖက်မြင် သရီးဒိုင်မင်းရှင် ပန်းချီကား တစ်ချပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါဆိုရင်ကျနော်ရေးမဲ့ ဆရာတော်ကြီးရဲ့အကြောင်းဟာ တစ်ဖက်မြင် ၀မ်းဒိုင်မင်းရှင်းပဲ ဖြစ်နေပါလိမ့်မယ်။ ကျနော်မြင်တဲ့အတိုင်း ပူဇော်မှာဖြစ်လို့ ခင်ဗျားတို့ အမြင်နဲ့မတိုက်ဆိုင်ရင် ဆရာတော်ကြီးကို ထိထိရောက်ရောက် မပူဇော်နိုင်ဘူးလို့ ထင်ရင် ဒါတွေ အားလုံးဟာ ကျနော့်ရဲ့ညံ့ဖျင်းမှုသက်သက်ပါ။

ကြာပွတ်ဒဏ်ရာကြောင့်ထွက်လာတဲ့သွေးတွေ။ ဒီသွေးတွေကိုသုတ်မပစ်ခဲ့ဘူး အဲဒီသွေးတွေဟာလေသလပ်လို့ ဒီအတိုင်းပဲခြောက်သွေ့စီးကပ်နေတယ်။ အဲသလိုစေးထန်းထန်း ရဲမှည့်မှည့် သွေးစက်တွေကို အပြင်မှာပဲဖြစ်ဖြစ် ရောမစစ်ကားထဲမှာပဲဖြစ်ဖြစ် ခင်ဗျားတို့ တွေ့ဖူးမြင်ဖူးကြပါသလား။ ကျနော့်အမြင်ကိုပြောခွင့်ပြုပါ ၊ ဆရာတော်ကြီးဟာ အဲဒီသွေးစက်တွေနဲ့တူပါတယ်။ အဲဒီသွေးစက်တွေဟာ..
၁။ ရက်စက်လွန်းတဲ့ကြာပွတ်ပိုင်ရှင်အကြောင်း
၂။ ရဲဝံ့လွန်းတဲ့ လက်နက်မဲ့ လူစွမ်းကောင်းအကြောင်းကိုတိုးညှင်းညှင်းနဲ့ ပီပီပြင်ပြင်ကြီး ပြောပြနေပါတယ်။
သဘောတူခွင့်ရှိတယ် ကွဲလွဲခွင့်ရှိတယ်။ ဒီနေ့ ကျနော်မြင်ရတဲ့ ဆရာတော် ဦးကောဝိဒါဘိဝံသဟာ ရောမကားထဲက ကြာပွတ်ဒဏ်ရာကြောင့် ထွက်လာတဲ့သွေးတွေနဲ့ တစ်ပုံစံထဲပါပဲ။
ဒါတွေကိုမပြောခင် လူသိမများလှတဲ့ ဆရာတော်ကြီးရဲ့ နုနုငယ်ငယ် သမိုင်းစာမျက်နှာတွေကို လျပ်တစ်ပျက် လှည့်ကြည့်လိုက်ရအောင် ။

"ကိုရင်မ၀တ်ခင် ၁၄ နှစ်သားအထိအတန်းကျောင်းမှာနေတယ်ကွာ ၊ (၇)တန်းအောင်တယ်ကွာ ၊ အဲဒီအချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ကျောင်းတွေပိတ်လိုက်ရတော့ မပိတ်တဲ့ဘုန်းကြီးကျောင်းကိုသွား ၊ ကိုရင်ဝတ်ပြီး လောကုတ္တရာစာပေ ဆက်သင်တယ်ကွာ ။ အသက်(၂၀) ရဟန်းဖြစ်တယ်ကွာ ၊ ရဟန်း(၉)၀ါရတော့ အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂနဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ တွေအောင်ပြီး မစိုးရိမ်ကျောင်းတိုက်ကြီး ထဲမှာပဲ ကျောင်းထိုင်ဘုန်းကြီးလုပ်ပြီး စာပြန်ချပေးခဲ့တယ်ကွာ။ ရဟန်း ( ၁၀ ) ၀ါမှာအလှည့်ကျ မစိုးရိမ်ပဓာနနာယက ပူးတွဲလုပ်ခဲ့ရတယ်ကွာ၊ တိပိဋက ပါဠိမြန်မာ အဘိဓါန်ကျမ်းပြုအဖွဲ့ဝင်ကွာ ။ ငါပြုတဲ့ကျမ်းတွေလား မစိုးရိမ်ပါရာဓိကဏ် အဖြေကျမ်းသုံးတွဲကွာ၊ မစိုးရိမ်သိလက္ခန်၊ အဌသာလိနီ အဖြေကျမ်းတွေကွာ။" "ကဲမင်းဘာသိချင်သေးတုံး" ။ "၁၉၉၀ ခုသံဃာတော်တွေသပိတ်မှောက်မှု(ပတ္တနိကုဇ္ဇန
ကံဆောင်) မှာညွှန်ကြားခဲ့တယ်ဆိုပြီး စစ်အစိုးရက ငါ့ကိုထောင် (၃) နှစ်ချတယ်ကွာ။ ထောင်ကလွတ် အခု အမေရိကကို ရောက်နေတယ်ကွာ။ မသေမချင်း နိုင်ငံနဲ့လူမျိုး လွတ်လပ်ရေးအတွက်လုပ်သွားမယ်ဒါပဲကွာ။"

ဒီစကားတွေဟာ ဆရာတော်ကြီးရဲ့ပါးစပ်ကထွက်လာတဲ့ ရိုးရိုးရှင်းရှင်းအရှင့် အကြောင်းပါ။ တစ်ထပ်တည်း မကျရင်တောင် ဒီအဓိပ္ပါယ်ပါပဲ။ ရိုးရိုးလေးမေးပါရစေ ဆရာတော်ကြီးရဲ့ဘ၀မှာ စိတ်ဝင်စားစရာတွေ နဲ့ပြည့်နှက်နေပါသလား။ ဘာမှမပါပါဘူး ၊ လူတွေစိတ်ဝင်စားစရာသိပ်မရှိလှပါဘူး။ ဒါပေမဲ့….
မစိုးရိမ်ပါရာဇိကဏ်အဖြေကျမ်းဆိုတာနဲ့ တင်အရှင်ဟာသာသနာ့တောင်ထိပ်ပေါ်က ဘုရားသားတော် တစ်ပါး ဆိုတာ သံဃာတိုင်း(ပညာတက်သံဃာတွေကိုဆိုလိုပါတယ်) ကြောက်ရွံ့ အသိအမှတ်ပြု နေကြရပါပြီ။ ဓမ္မာစရိယ အောင်မြင်တဲ့ရဟန်းတိုင်း ၊ ပါရာဇိကဏ် ပို့ချတဲ့စာချဆရာတော်တိုင်း ဒီကျမ်းနဲ့ကင်းလို့မရပါဘူး။
ခင်ဗျားတို့ သိတဲ့စကားနဲ့ပြောရရင် " ဗိုလ်ချူပ် " ဆိုတဲ့ဂုဏ်ထူးဝိသေသနအောက်မှာ " အောင်ဆန်း " ဆိုတဲ့ လူငယ်တစ်ယောက်သာ ထိုက်တန်သလို ၊ " ဗိုလ်ချူပ် " ဆိုလိုက်တာနဲ့ မေးရိုးကားကား ၊ စူးရှထက်မြက်တဲ့ မျက်ဝန်းတစ်စုံ၊ ပိရိသေသပ်တဲ့နုတ်ခမ်းတစ်စုံ နဲ့ လူငယ်တစ်ယောက်ကို ပြေးမြင်မိသလိုမျိုးပါပဲ။

" ပါရာဇိကဏ် " ဆိုလိုက်တာနဲ့ဘာမှဝိသေသနမလိုဘဲ ဆရာတော်ဦးကောဝိဒါဘိဝံသရဲ့ "မစိုးရိမ်ပါရာဇိကဏ်" ဆိုတာကြီးကို စာသင်သားတိုင်း ပြေးမြင်ကြပါတယ် ။ ဒါဟာဆရာတော်ရဲ့ လှပသေသပ်တဲ့ Intellectual မှတ်တိုင်ကြီးပါပဲ။ ဒီအရှင်ဟာသံဃာအတုတဲ့လား ထပ်စဉ်းစားကြပါဦး။ ဒါဆိုသံဃာအစစ်ကဘယ်မှာလဲ သိန်းပေါင်းသောင်းချီချမ်းသာတဲ့ ပဲခူးကဆရာတော်တစ်ပါးလား ပြောကြပါဦး၊ ဖြေကြပါဦး။ ဗိုလ်ချူပ်အောင်ဆန်းဟာ ဗိုလ်ချူပ်အတုလား ။ ဒါဆိုဗိုလ်ချူပ်အစစ်ကဘယ်မှာလဲ၊ ခရစ်စမတ်သစ်ပင်မမရဲ့ အဖေလား ၊ ဒါဆိုခါးသီးစွာငြင်းဆန်ပါရစေ။ ဗိုလ်ချူပ်အောင်ဆန်းဟာ ဘယ်တော့မှ ဗိုလ်ချူပ်အတုမဟုတ်သလို မစိုးရိမ်ဆရာတော်ဦးကောဝိဒါဘိဝံသ ဟာလည်းဘယ်တော့မှ သံဃာအတုမဖြစ်နိုင်ပါဘူး။ ပါးစပ်တစ်ပေါက်က သမိုင်းကိုပြောင်းနိုင်ရင် ကျနော်တို့သမိုင်းစာအုပ်တွေကိုမီးရှို့လိုက်ကြပါစို့။ ဆရာတော်ကိုသာမန်လူပုဂ္ဂိုလ်တွေအသိနည်းတာကို နားလည်နိုင်ပါတယ် ဘာလို့လဲဆိုရင် ဆရာတော်ဟာကျော်ကြားအောင် ကို့ယို့ကားယားဝိနည်းနဲ့မလွတ်မကင်း ဘာမှမလုပ်ခဲ့လို့ပါပဲ။ သမိုင်းကလည်းပြောပါတယ် သံဃာတွေ အထင်ကြီးအလေးစားဆုံး ဆရာတော်တွေဟာ လူတွေကြားမှာလူသိနည်းလှပါတယ်။ ဒါပေမဲ့…….
အစိုးရဓမ္မာစရိယ၊ စေတိယင်္ဂနဓမ္မာစရိယ ၊ အထူးသဖြင့်သကျသီဟဓမ္မာစရိယ ဆိုတာကို ကြည့်ပြီး ဒီအရှင်ဟာ အာဇာနည်စစ်စစ်ကြီး ဆိုတာသဘောပေါက်ပေးကြပါ။ သကျသီဟဆိုတာ တစ်ရာခိုင်နှုန်းမပြည့်တဲ့ သံဃာအရေအတွက် သာအောင်မြင်ခဲ့ကြပါတယ်။ (စစ်အစိုးရခေတ်မှာ ပြောင်းသွားရင်တော့ ကျနော် တာဝန်မယူနိုင်ပါ။)

အရှင်မြတ်သီတင်းသုံးခဲ့တဲ့နေရာက" မစိုးရိမ် " ပါဠိလိုပြောတော့ " အသောက " ဗိုလ်ဆန်ဆန်ပြောရရင် " No Worry " , " Worry Free Zone " . အမှန်တရားအတွက်ထောင်ထဲမှာ စာသွားချရတဲ့ ဆရာတော်တွေသီတင်းသုံးရာ( သို့ ) သမိုင်းကအသိအမှတ်ပြုထားရတဲ့ သာသနာ့အာဇာနည်တွေ မွေးထုတ်ပေးရာ ရပ်ဝန်းကြီးတစ်ခု " စာ " ကိုရှေ့တန်းတင်ပြီး စာရရင်ဘောလုံးပွဲကြည့်ခွင့် ( ကြည့်ချင်ရင်ပေါ့ ) ရှိတယ်။ စာမရရင်တော့ သီပေါမင်းလည်းမြေပေါက်ရပါလိမ့်မယ်။ လက်ဖ၀ါးကိုဖြန့်ကြည့်ရုံနဲ့ ဒီဦးဇင်း ၊ ဒီကိုရင်စာတော်မတော်သိနိုင်တဲ့ တစ်ခုတည်းသောစာသင်တိုက်ပါပဲ။ စာတက်ချင်တဲ့ ကိုရင်၊ ဦးဇင်းတိုင်း နောက်ခံ Background မရှိပဲဝင်နေထိုင်ခွင့်ရတဲ့ကျောင်းတိုက်ကြီးပေါ့ ။ (တစ်ချို့ကျောင်းတွေက သူဌေး၊ လူကြီး ပဉ္စင်းခံတဲ့ရဟန်းတွေကိုမှလက်ခံတက်လို့ ဒီဝါကျကိုထည့်ပြောရတာပါ။)

ဒီအရှင်ဟာမစိုးရိမ်ရဲ့ အထင်ကရသားကြီးတစ်ပါးပါပဲ။ မဟုတ်မခံစိတ်ဓါတ်တွေကြောင့်လည်း မစိုးရိမ်ရဲ့ ဆရာတော်တွေဟာ ဒီလိုရက်စက်ယုတ်မာ ကိုယ့်အာဏာကိုပဲ ကာကွယ်တက်တဲ့ အစိုးရလက်ထက်မှာ ကောဇောနီလမ်းမကြီးတွေပေါ်မှာ လျှောက်ခဲ့ရတာတော့မဟုတ်ပါဘူး။ ဆရာတော်တွေမှရယ်လည်း မဟုတ်ပါဘူး အစဉ်အဆက် ချမှတ်လာတဲ့ အဲဒီမူဝါဒက စာသင်သားသံဃာတော်တွေ ဆီမှာလည်း ရှိနေတက်ပါတယ်။ တိုင်းမှုးဦးထွန်းကြည်လက်ထက်က သံဃာတွေမှောက်ထားတဲ့သပိတ်ကိုလှန်ဖို့ နန်းတွင်း
ထဲပင့်တော့ ဆရာတော်ဦးရာဇက လိုက်သွားခဲ့တယ်။ ဒါကိုမကျေနပ်တဲ့သံဃာတစ်ပါးက " ပရိတ်အငှား ရွတ်လိုက်သည်" ဆိုတဲ့စာသားလေးနဲ့ဆီပုံးကြီးဆွဲ ၊ ဆန်အိတ်ကြီးထမ်းထားတဲ့ ဆရာတော်ဦးရာဇရဲ့ပုံကိုဆွဲပြီး ကျောင်းတိုက်ပေါက်မှာ ကပ်ထားလိုက်ပါသတဲ့။ ကဲဘာပြောချင်ပါသေးသလဲ။ မစိုးရိမ်ဟာ ဒီမိုကရေစီထွန်းကားတဲ့ ရပ်ဝန်းတစ်ခုလို့တော့ အထင်ကရ ပြောထားခဲ့ချင်ပါတယ်။ ဒီသပိတ်မှောက်မှုကြီးနဲ့ဆက်နွယ်ပြီး ထောင်ချခံရတဲ့စာရင်းထဲမှာ ဒီအရှင်မြတ် ဦးကောဝိဒါဘိဝံသပါလာတယ်။ ဒီသတင်းဟာတစ်နိုင်ငံလုံးရှိ ပညာတက်ရဟန်းတွေနဲ့ အထူးသဖြင့် မန္တလေး လေးပြင်လေးရပ်က ရဟန်းတွေအတွက် ဌက်ဆိုးထိုးသံကြီးလို ခြောက်ကွဲရှလွန်းလှပါတယ်။ ဒီအရှင်မြတ်ဟာ "စာမှစာ" ဆိုတဲ့အရှင်ပါပဲ။

ပါးစပ်ထဲတင် နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေထည့်ထားတဲ့ စစ်အစိုး
ရလက်ထက်မှာ အရှင်မြတ်ရဲ့ ရိုးသားမှုဂုဏ်တွေဟာ ထောင်တံခါးကို အဆက်မပြတ် ခေါက်နေပါတော့တယ်။ ဒီလိုနဲ့ပဲ စာချဖြစ်တဲ့ အရှင်မြတ်နဲ့အတူ စာလိုက်ဖြစ်တဲ့ နောက်ပါရဟန်းတစ်ချို့ ထောင်ထဲမှာ သုံးဝါကပ် လိုက်ရပါတော့တယ်။ အဲဝတ်ဖြူစင်ကြယ်တွေ ၀တ်လို့ပေါ့လေ။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဟာ ကိုယ်ပေါ်မှာ တင်ထားတဲ့အ၀တ် မဟုတ်လေတော့ ဆရာတော်ရဲ့သိက္ခာတွေကို ပိတ်စအဖြူတွေက ဆွဲဖြုတ်ဖုံးအုပ်မပစ်နိုင်ခဲ့ပါဘူး။ ထောင်ထဲမှာ ချသွင်းခံထားရပေမဲ့ ဒီအရှင်တွေရဲ့သာသနာ့တာဝန်ဟာ ပက်ပက်စက်စက်ကြီး ကျေပြွန်တော်မူခဲ့ကြတယ်။ မစိုးရိမ်ထဲမှာမဟုတ်လဲစာချ ၊ စာသင်လို့ရတာပဲ၊ စိတ်ဓာတ်သာပဓာန ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ ထောင်ထဲမှာတောင် စာသင် စာချလုပ်ခဲ့ကြသတဲ့။ ဒီမြင်ကွင်းတွေဟာ ကျောကိုထောက်ထားတဲ့( မောင်းခလုပ်ကို တစ်ဝက်အထိနှိပ်ပြီးသား) သေနတ်တွေကြောင့် မလုပ်ချင်ပဲလုပ်နေရတဲ့ ထောင်အာဏာပိုင် အချို့အတွက်တော့ မျက်ရည်တစ်စက်စက်၊ အံတကြိတ်ကြိတ် မြင်ကွင်းတွေဖြစ်ခဲ့တာပေါ့။ ဒါတွေကိုကြည့်ရင် ဒီအရှင်မြတ်ကို ဘာကြောင့်သံဃာတွေက လေးစား ရိုသေနေကြရသလဲ ဆိုတာသိကြမှာပါ။

ဒီနေ့ဒီအရှင်ဟာ အမှန်တစ်ကယ်စိုးရိမ်ကြောက်ရွံ့ မှုကင်းတဲ့" အမေရိက " ဆိုတဲ့ရပ်ဝန်းကိုရောက်နေပါပြီ။ အမေရိကဟာ " မစိုးရိမ် " " အသောက "" No Worry " ဒီမိုကရေစီပွင့်ဖူးတဲ့ဥယျာဉ်တစ်ခုပါ။ဒီအရှင်ရဲ့ စေးထန်းထန်း သွေးစက်ရဲရဲတွေကို ခင်ဗျားတို့တွေ့ခဲ့ရ ကြားခဲ့ရပြီးပါပြီ။ ဒီအရှင်ဟာ လူသတ်လက်နက်ရဲ့ပြောင်းဝကို ရင်ဘတ်တစ်ခုလုံးဖွင့်ပြီး စစ်ကြေငြာခဲ့ပါပြီ။ ပြောင်းဝအောက်မှာ အစိမ်းငွေစက္ကူတွေအောက်မှာ အရောင်ပြောင်းသွားတဲ့ဆရာတော်တွေရှိနေချိန်မှာ ဒီအရှင်ဟာ ပြောင်းဝကို ပြေးဖက်နမ်းလိုက်ပြီး အစိမ်းရောင်ငွေစက္ကူတွေကို ခြေစုံကန်ခဲ့ပြီ။ သေနတ်ပြောင်းနဲ့ အစိမ်းရောင်ငွေစက္ကူ ကို အမှန်တရားနဲ့မလဲယူသူဟာ ဘုရားရှင်လက်ခုပ်တီးမဲ့ လူစွမ်းကောင်းပါပဲ။ ဒီအရှင်ဟာလက်ခုပ်သံတိုင်းနဲ့ ထိုက်တန်ပါတယ်။

ဒီနေ့သံဃာ့ဥသျှောင်အဖွဲ့ ပီနန်ဆရာတော်နဲ့ မစိုးရိမ်ဆရာတော်နှစ်ပါးတို့ရဲ့ စုံစည်းရာ ဒီမိုကရေစီရပ်ဝန်းရဲ့အစ။ ဧရာဝတီဟာ မေခနဲ့မလိခက စတင်စီးဆင်းခဲ့ရင် ဒီနေ့ကျနော်တို့ ဧရာဝတီဒီမိုကရေစီဟာ ရှင်မြတ်နှစ်ပါးကနေ စတင်စီးဆင်းလိမ့်မယ်။ ဧရာဝတီကိုကျနောယုံတယ် မေခနဲ့မလိခ ကယုံတယ်။ ကျနော်တို့ယုံကြည်မှုတွေ ပုံအောရင်း စီးဆင်းကြမယ်။ ဆရာတော်ဦးကောဝိဒါဘိဝံသဟာ မေခဖြစ်နိုင်သလို မလိခလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ဒီမြစ်ဟာအရှင်မြတ်ရဲ့ သာသနာချစ်စိတ်၊ လူမျိုးချစ်စိတ်သွေးတွေနဲ့ စီးဆင်းနေတော့ ဆည်းဆာနေက ဆေးခြယ်ထားတဲ့ တိမ်တောက်တဲ့ညနေရဲ့ ဧရာဝတီလိုပဲ ရဲရဲကိုမှည့်လို့။ မြစ်တစ်စင်းရဲ့အစဟာ အမြင့်ဆုံးတောင်ထိပ်ပေါ်က မိုးရေတစ်ပေါက်နဲ့စတင်တယ်။
(အဘယဂီရိ)

***သာသနာ့ဥသျှောင် ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ၏ ထေရုပ္ပတ္တိကို မသိသူများသိစေရန်နှင့် သိပြီးသူများ ကြည်ညိုသဒ္ဒါပွားများစေရန် အရှင်အဘယဂီရိ၏ အနီရင့်ရင့်မြစ်တစ်စင်း ဆောင်းပါးကို http://aoab.blogspot.com/2007/11/blog-post_3793.html မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။***

2 comments:

မောင်မျိုး said...

ပါးစပ်တစ်ပေါက်က သမိုင်းကိုပြောင်းနိုင်ရင် ကျနော်တို့သမိုင်းစာအုပ်တွေကိုမီးရှို့လိုက်ကြပါစို့။
အပေါ်က စကာလုံးလေး အရမ်းကြိုက်တယ် အစ်ကို ခရစ္စမတ် မမ ရဲ့ ဖေဖေက ဘယ်လိုပဲ သမိုင်းကိုပြောင်းမယ့် စကားလုံးတွေ လွှတ်ထုတ်နေတဲ့ ပါစပ်သေနပ် ရဲ့ စကားတွေက မှန်တယ်ဆိုရင် ကျနော်တို့  သင်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေကို မီးရှို့ လိုက်တာသာ ကောင်းတော့မယ် ဗိုလ်ချုပ်ဆိုတာနဲ့  ရင်ထဲက ပုံရိပ်တစ်ခု( ဆိုလိုက်တာနဲ့ မေးရိုးကားကား ၊ စူးရှထက်မြက်တဲ့ မျက်ဝန်းတစ်စုံ၊ ပိရိသေသပ်တဲ့နုတ်ခမ်းတစ်စုံ နဲ့ လူငယ်တစ်ယောက်ကို ပြေးမြင်မိသလိုမျိုးပါပဲ) ပါပဲ..........။ ကျန်တာတွေကတော့ အမည်ခဲ လူသတ်သမား ဗိုလ်ချှုပ်တွေပေါ့ ..ပို့ စ်တစ်ခုလုံးကြိုက်တယ် အစ်ကို ..............မျှဝေပေးတာကျေးဇူးးးးးးးးးးးးးးး။

HEARTMUSEUM said...

မောင်မျိုးရေ...comment ရေးပေးတဲ့အတွက် ကျေးဇူးဗျာ။
ဘယ်သူမှာ မဖတ်ဖူးမှတ်လို့ စိတ်မကောင်းဖြစ်နေတာ။