အလည်လာတာ ကျေးဇူးပါ။ မိတ်ဆွေအားလုံး ပျော်ရွှင်သော မင်္ဂလာရှိသော နေ့ရက်များကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Wednesday, April 23, 2008

ချစ်သောကမ္ဘာမြေနေ့




မနေ့(April 22)က ပြီးစီးခဲ့ပြီဖြစ်သော ချစ်သောကမ္ဘာမြေနေ့ကို ကျင်းပရန် အညတရတယောက် မိမိ၏ ကင်မရာဖုန်းထဲတွင် ရိုက်ကူးသိမ်းဆည်းထားသော ပလပ်စတစ်ဆန့်ကျင်ရေး ဓာတ်ပုံများကို ခါတော်မှီတင်ပြရန် အကြိမ်ကြိမ်အခါခါ ကြိုးစားသော်လည်း လုံးဝမအောင်မြင် မိမိထက် ကင်မရာဖုန်းကို ကျွမ်းကျင်သူ ညီလေး Augestine နှင့် Keith တို့နှစ်ဦးကို အကူအညီတောင်ပြီး သူတို့ခမျာ နှစ်ရက်တိတိ ကြိုးစားကြသော်လည်း လုံးလုံးမရ။ နောက်ဆုံးတွင် လက်လျှော့လိုက်ရပြီး ချစ်သောကမ္ဘာမြေနေ့ကို စည်စည်ကားကား မကျင်းပလိုက်ရပဲ တိတ်ဆိတ်စွာ နှုတ်ခွန်းဆက်လိုက်ရသည်။ ချစ်သောကမ္ဘာမြေနေ့အမှီ ရိုက်ကူးထားသော ဓာတ်ပုံများကို ကျွန်တော့် Blog တွင် တင်မည့် အစီအစဉ်ကို သိထားသော မApprentership က ကျွန်တော်မေ့နေသည်ထင်ပြီး အကြိမ်ကြိမ် cbox တွင်လာရောက် သတိပေးသော်လည်း ကျွန်တော် မတင်နိုင်ခဲ့။ ( မApprentershipရေ တောင်းပန်ပါတယ်ဗျာ။ ဒီဆောင်းပါးလေး မြင်လျှင်တော့ ခွင့်လွှတ်နိုင်ကောင်း ပါရဲ့ဟု ထင်ပါသည်။)

ဓာတ်ပုံမတင်နိုင်သည့်အဆုံး ကျွန်တော်က မန္တလေးသား ပတ်ဝန်းကျင် စိမ်းလန်းရေးကို လက်တွေ့ လုပ်ဆောင်ခဲ့သူနှင့် လုပ်ဆောင်နေသူ နှစ်ဦးအကြောင်းကို မိတ်ဆက်သဘော ပြောပြချင်ပါသည်။ သူတို့နှစ်ဦးသည်ကား ဆိုက်ကားဆရာကြီးဦးငွေနှင့် ဆရာဒေါက်တာ ဦးတင်မောင်ကြည်( ရုပ်သေး ) ပင်ဖြစ်ပါတော့သည်။ ယခု ဆယ်ကျော်သက် အရွယ် ကလေးများက နွေနေပူပူတွင် သူတို့နှစ်ဦး ကြိုးစားပမ်းစား စိုက်ပျိုးခဲ့သော သစ်ပင်အရိပ်အောက် ရောက်နေသော်လည်း သူတို့နှစ်ဦးကို သိချင်မှသိမည်။ သူတို့စိုက်ပျိုးခဲ့သည့် သစ်ပင်ကြီးများက သူတို့သခင်ကိုယ်စား နွေနေပူအောက် လာရောက် ခိုနားသော သတ္တ၀ါအပေါင်းအား အယုတ်အလတ် အမြတ်မရွေး အေးမြမှု အရိပ်အာဝါသကို ပေးနေခဲ့၊ ပေးနေဆဲ၊ ပေနေအုံးမည်မှာ အသေအချာပင် ဖြစ်တော့သည်။





အထူးသဖြင့် ဆိုက်ကားဆရာကြီး ဦးငွေသည် ဆိုက်ကားနင်းပြီး မိသားစုကိုလုပ်ကျွေးရသူ တစ်ဦးဖြစ်သည့် အားလျော်စွာ သူ့တွင် သစ်ပင်စိုက်ရန် ငွေမရှိ။ သူတတ်နိုင်သည်ကတော့ အားမာန်နှင့် စိတ်အားထက်သန်မှုသာ ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်လှပေ၏။ သစ်စေ့မှ ပျိုးပင်ဖြစ်အောင်၊ ပျိုးပင်မှ မြေချစိုက်ပျိုးနိုင်သည့် အပင်ဖြစ်အောင် အဆင့်ဆင့် ပျိုးထောင်ရ၏။ ထိုမှတဖန် စိုက်ပျိုးမည့်နေရာရှာရ၏။ နေရာတွေ့သော်လည်း ထိုနေရာက တပါးသူများ၏ အိမ်မျက်နှာစာ ဖြစ်နေပါက အိမ်ရှင်အား ခွင့်ပြုပါရန် စည်းရုံးဆွဲဆောင်ရ၏။ အိမ်ရှင်မှ ခွင့်ပြုပါက သစ်ပင် စိုက်ပျိုးရန်အတွက် လိုအပ်သောကျင်းတခု ရရန်အတွက် အိမ်ပြန်ပြီး ပေါက်တူး၊ ပေါက်ပြားယူကာ မြေတူးရပြန်သည်။ ထိုမြေကျင်းများ အတွင်းသို့ ရှာဖွေ စုဆောင်း ထားသော မြေဆွေးများထည့်ကာ မြေကိုပြုပြင်ရ၏။ ပြုပြင်ထားသော မြေကျင်းတွင် သစ်ပင် စိုက်ပျိုးပြီးပါကလည်း တာဝန်ကမကုန်နိုင်သေးပါ။ စိုက်ပျိုးပြီးစီးသွားသည့် သစ်ပင်ပေါက်လေးများ ရှင်သန်ကြီးထွားစေဖို့ ပုံမှန် ရေမှန်မှန် လောင်းပေးရ၏။ ပင်ပင်ပန်းပန်း သမ္မာအာဇီဝကျသော ကာယအား ဖြင့် ဆိုက်ကားနင်းပြီး မိသားစုကို လုပ်ကျွေးရသည့် ဦးငွေကို မည်သည့်အရာများက သစ်ပင်စိုက်ပျိုးအောင် ပံ့ပိုးပေးခဲ့ပါသနည်း။ နေ့တဓူဝ ပင်ပန်းသည့်ကြားက အပင်ပန်း၊ အဆင်းရဲခံကာ ဆိုက်ကားပေါ် ရေစည်ပုံးများတင်ပြီး စိုက်ပျိုးထားသော သစ်ပင်လေးများအား နေ့စဉ်ရေလိုက်လောင်းသော ဦးငွေ၏ ဇွဲလုံလကို မြင်ယောင်ရုံမျှဖြင့် သိနိုင်ပါသည်။ စီးပွားရေးအရ အကျိုးအမြတ် မရှိသည့် သစ်ပင်စိုက်သည့်အလုပ်ကို ဦးငွေ ဘာကြောင့် အားကျိုးမာန်တက် လုပ်ရပါသနည်း။


ဆက်ရန်........

3 comments:

Apprenticeship said...

Good tal heartmuseum yay...
Why they do that ????? Ti chin bar tal.. Enlighten us :)
I celebrate the earth day by myself and took some pics.. I will post them soon.. for now school stuffs are getting over. :(

မြန်မာပြည်ကိုလွမ်းတယ် said...

ဆိုက်ကားဆရာကြီးဦးငွေအကြောင်းကိုအမေ
လူထုဒေါ်အမာရဲ့စာအုပ်ထဲမှာဖတ်ဖူးတယ်
ပြတိုက်ရေ..အဲ့ဒီကတည်းကသိပ်စိတ်ဝင်စား
နေခဲ့တာ..ဆက်ရန်ကိုပီပီပြင်ပြင်မျှော်နေမယ်
နော်...။

Layma said...

အဲဒီအကြောင်း လေးမ မသိခဲ့ဘူး..။